sdf
နိုင်ငံ့ဂုဏ်ရည် ဒုတိယဆင့် ဝမ်းအိုဝမ်း ဦးကျော်ဝင်းမောင်
ဦးကျော်ဝင်းမောင်ကို အဖ ဦးဟာနစ် အမိ ဒေါ်စိန်ညွန့်တို့မှ ၁၂၈၁ ခု တပို့တွဲလပြည့်ကျော် ၁၃-ရက်၊ ၁၉၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ကချင်ပြည်နယ် ဗန်းမော်မြို့နယ် မင်းကုန်းရပ်၌ ဖွားမြင်သည်။ ဇာတာအမည် မောင်ကျော်ဖြစ်ပြီး သာသနာဘွဲ့မှာ ဝလီမုဟမ္မဒ် ဖြစ်သည်။ ၁-လသား အရွယ်တွင် ဖခင်ကွယ်လွန်ခဲ့ပြီး ၃-နှစ်သားအရွယ်တွင် မိခင် ကွယ်လွန်သွားပြန်သဖြင့် မောင်နှမ ၂-ယောက်သာ ကျန်သည်။
ငယ်ငယ်ရွယ်ရွယ်နှင့် မိဘမဲ့ဖြစ်ရရှာသော မောင်နှမနှစ်ဦးကို မိခင် ဒေါ်စိန်ညွန့်၏မောင် ဦးအီဗရာဟင် ခေါ် ဦးစံသိန်းက မွေးစားခဲ့သည်။ လူဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့သောဦးလေးဟု ဆရာကြီးက ဝိသေသ ပြုသည်။ အစ်မဖြစ်သူလည်း ၁၁-နှစ်သမီးအရွယ်တွင် ကွယ်လွန်သွားပြန် ရာ တစ်ကောင်ကြွက်ဘဝ ရောက်ရသည်။
ငယ်စဉ်က ဗန်းမော်၊ မိုးကုတ်၊ ကသာမြို့များတွင် ပညာဆည်းပူးခဲ့ သည်။ အင်္ဂလိပ်မြန်မာ ၁၀တန်းနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာ သဖြင့် ကျောင်းများပိတ်လိုက်သည်။ ထိုစဉ် အင်္ဂလိပ်တော်လှန်ရေး အတွက် ဖွဲ့စည်းထားသော မီးသတ်တပ်ဖွဲ့တွင် ပါဝင်ခဲ့သည်။
၁၉၄၃-ခုသြဂုတ်လတွင် ဗမာ့ကာကွယ်ရေး တပ်မတော်(ဘီ၊ ဒီ၊ အေ)သို့၀င်၍ အမှုထမ်းသည်။ ရေနံချောင်း လေယာဉ်ပစ်အမြောက်ကြီးတပ်တွင် တာ၀န် ယူရသည်။ နေ့စဉ် အင်္ဂလိပ် အမေရိကန်လေယာဉ်များနှင့် တိုက်ပွဲ ဆင်နွှဲ ရသည်။
၁၉၄၄-ခု မေလ ၂၇-ရက်နေ့တွင် မင်္ဂလာဒုံစစ်တက္ကသိုလ် ဗိုလ်သင်တန်းတတိယပတ်ကို တက်ခဲ့သည်။ ရန်ကုန်သို့ ဗိုလ်သင်တန်း ဖြေဆိုရန် ရောက်စဉ် ကွန်မြူနစ်ပါတီနှင့် စတင်အဆက်အသွယ် ရခဲ့သည်။
ဂျပန်ခေတ် တော်လှန်ရေးအတွက် ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ (အေ၊ အက်ဖ်၊ အို)ကို အမေရိကန် တပ်မတော်တပ်ဖွဲ့ (ဝမ်းအိုဝမ်း)နှင့် ပထမဆုံး ဆက်သွယ်ပေးခဲ့သည်။ ထိုတာဝန်ကို ထမ်းဆောင်စဉ် စစ်ကိုင်းမြို့နယ် မင်းကင်းရွာတွင် ဂျပန်၏ ဖမ်းဆီးခြင်းကို ခံရသည်။ အသတ်ခံရမည့်ဆဲဆဲ တွင် ဂျပန်တော်လှန်ရေးရဲဘော်များ၏အကူအညီဖြင့် အချုပ်ခန်းဖောက်၍ ထွက်ပြေးလွတ်မြောက်ခဲ့သည်။
စစ်ပြီးခေတ်တွင် ကသာခရိုင် ဖဆပလအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဗမာ မွတ်စလင်ကွန်ဂရက်(ဗမက)ခရိုင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ သည်။ ၁၉၄၆ ခုနှစ် သာစည်တွင်ကျင်းပခဲ့သည့် ဗမာမွတ်စလင်ကွန်ဂရက် ညီလာခံသို့လည်းကောင်း၊ ၁၉၄၇ ခုနှစ် ရန်ကုန်တွင်ကျင်းပသည့် ဗမာ မွတ်စလင်မ် ကွန်ဂရက်ညီလာခံသို့ လည်းကောင်း၊ ကသာခရိုင် ကိုယ်စား လှယ်အဖြစ် တက်ရောက်ခဲ့သည်။
၁၉၄၆-ခုနှစ် စက်တင်ဘာလ လူထုဆန္ဒပြပွဲကြီးကို မန္တလေးတွင် တက်ရောက် ဆန္ဒပြခဲ့သည်။ ၁၉၄၆-ခုနှစ်တွင် မြန်မာနိုင်ငံလွတ်လပ်ရေး အတွက် အထွေထွေသပိတ်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုစဉ် ရန်ကုန် သငေ်္ဘာကျင်းသပိတ်တွင် ပါဝင်သပိတ်တားသဖြင့် အလံနီပါတီဝင်များ နှင့်အတူ အဖမ်းခံရသည်။
၁၉၄၆-ခု ကွန်မြူနစ်ပါတီ နှစ်ခြမ်းကွဲသောအခါ သခင်စိုးခေါင်းဆောင် သော အလံနီကွန်မြူနစ်ပါတီသို့ ပါခဲ့သည်။ ၁၉၄၈-ခုနှစ်တွင် အလံနီ အဖြစ် မြေလျှိုးခဲ့သည်။ ခရိုင်စစ်ရေးခေါင်းဆောင်အဖြစ်လည်း တာဝန်ယူ ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် အလံနီပါတီအတွင်း အယူအဆတိုက်ပွဲဖြစ်ရာ ပါတီမှ အထုတ်ခံရသည်။ ထိုသို့ ပါတီမှအထုတ်ခံရသည့်ရဲနီများ စုပေါင်း၍ အလုပ်သမားညီညွတ်ရေးပါတီ (အညပ)ကို တည်ထောင်ခဲ့သည်။ ပါတီ တွင် ဗဟိုခေါင်းဆောင် တစ်ဦးအဖြစ် တာဝန်ယူခဲ့သည်။
၁၉၆၂ ခုနှစ် ဒီဇင်ဘာလတွင် သက်ဆိုင်ရာတို့နှင့် ဆွေးနွေးသဘော တူညီမှုပြုလုပ်ပြီး (အညပ)ပါတီတစ်ရပ်လုံးနှင့်အတူ ဥပဒေအတွင်း ဝင်ရောက်ခဲ့သည်။ ဂျပန်ခေတ်၊ ဗြိတိသျှခေတ်နှင့် လမ်းစဉ်ပါတီခေတ် တို့တွင် နိုင်ငံရေးဆောင်ရွက်မှုကြောင့် မကြာခဏ ဖမ်းဆီးခြင်းခံရသည်။ သေဘေးနှင့်လည်း အကြိမ်ကြိမ် ကြုံခဲ့ရသည်။
တော်လှန်ရေးကောင်စီက ၁၉၆၃-ခုနှစ်တွင် တောတွင်းအင်အားစု များနှင့် ငြိမ်းချမ်းရေးခေါ်သောအခါ မြို့ပေါ်ရှိငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကြိုဆိုသည့်အဖွဲ့တွင် အလုပ်သမားညီညွတ်ရေးပါတီကို ကိုယ်စားပြု ပါဝင် ခဲ့သည်။ ၁၉၆၃ ခု မင်းလှ သရက်ပင်တာစုမှ ငြိမ်းချမ်းရေး လယ်သမား တပ်ကြီးကို ကြိုဆိုခဲ့သည်။ ငြိမ်းချမ်းရေးတပ်ကြီးသည် ရေနံမြေသပိတ် တပ်ကြီး ချီတက်သည့်လမ်းကြောင်းအတိုင်း ချီတက်ခဲ့သည်။ လမ်းတွင် ၄၊ ၅၊ ၆ ရက် ညအိပ်စခန်းချသည့်အခါ ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်း ရေးတရားများကို သခင်သိန်းြွကယ်နှင့်အတူ ဟောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲပျက်သွားပြီးနောက် ၁၉၆၄-ခုနှစ်တွင် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီမှလွဲ၍ အားလုံးဖျက်သိမ်းလိုက်ရသည်။ ဆရာကြီး တို့၏ အလုပ်သမားပါတီလည်း ဖျက်လိုက်ရသည်။
အိမ်ထောင်ရေးတွင် တစ်ပင်လဲမူ တစ်ပင်ထူ ခဲ့သည်။ အိမ်ထောင် ဆက် ၄-ဆက်ရှိခဲ့သည်။ သား ၆-ယောက်ထွန်းကားပြီး ၂-ယောက် ကွယ်လွန်ခဲ့သည်။ ဥပဒေအတွင်း ဝင်ရောက်ပြီးချိန်တွင် မိသားစု စားဝတ် နေရေးအတွက် စာနယ်ဇင်းကိုယ်စားလှယ်နှင့် ပွင့်ဦးအပ်ချုပ်လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ ဆရာကြီး၏ရည်မှန်းချက်ကား ဘဝနိဂုံးပိုင်းတွင် စာပေ ရေးသားခြင်းဖြင့် ပြည်သူကို အကျိုးပြုသွားရန်ဖြစ်သည်။
ဝမ်းအိုဝမ်းနှင့်မြေအောက်တော်လှန်ရေး၏ သမိုင်းဝင်စာအုပ်ကို ပထမဆုံးပြုစုခဲ့ပြီး စာပေနယ်သို့ ခြေဦးလှည့်ခဲ့သည်။ ရုပ်ရှင်ဝတ္ထုဇာတ်ညွှန်း၊ ဆောင်းပါးများနှင့် သုတေသနစာအုပ်များ ရေးသားခဲ့သည်။ ဗန်းမော် စာပေတိုက်အမည်ဖြင့် ထုတ်ဝေဖြန့်ချိရေး ဆောင်ရွက်ခဲ့သည်။
ဂျပန်တော်လှန်ရေး မြေအောက်လုပ်ငန်းလုပ်ရာတွင် ဝင်းမောင်အစား ကျော်ဟိန်းဟူသည့်အမည်ဖြင့် လှုပ်ရှားခဲ့သည်။ ရောင်းရင်းတချို့က ယနေ့တိုင် ကျော်ဟိန်းဟု ခေါ်ကြဆဲဖြစ်သည်။ နိုင်ငံရေးနယ်ပယ်နှင့် စာပေ နယ်ပယ်တို့တွင် လေထီးဝင်းမောင်၊ အလံနီဝင်းမောင်၊ ဝမ်းအိုဝမ်း ကျော်ဝင်းမောင် ဟုထင်ရှားသည်။
မြန်မာ့လွတ်လပ်ရေးတိုက်ပွဲအဆင့်ဆင့်တွင် ပါဝင်လှုပ်ရှားခဲ့မှုကြောင့် ၁၉၇၂-ခု မတ်လ ၂၇-ရက်နေ့တွင် လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယ ဆင့်နှင့် ၁၉၈၀ ပြည့်နှစ် မေလ ၂၈ ရက်နေ့တွင် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ဒုတိယဆင့်တို့ကို နိုင်ငံတော်သမ္မတက ချီးမြှင့်ခဲ့သည်။
၁၉၇၉ ခု စက်တင်ဘာလ ၉ ရက်တွင် အစ္စလာမ်သာသနာ ဟစ်ဂျရီ ၁၅-ရာစု ကြိုဆိုရေးအဖွဲ့တွင် ဆရာကြီးသည် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
ဆရာကြီးသည် အသက်အိုးအိမ်စည်းစိမ်ကို အကြိမ်ကြိမ် စွန့်လွှတ် ခဲ့သည်။ သူမတူအောင် အနစ်နာခံခဲ့သည်။ ယုံကြည်ချက်ကိုကား မည် သည့်အခါမျှ မစွန့်လွှတ်၊ အသည်းရှေ့မှာ ဒိုင်းကိုကာပြီး ဒိုင်းထက်မာသော အသည်းဖြင့် တိုက်ခိုက်ခဲ့သည်။ ကာကွယ်ခဲ့သည်။ ယုံကြည်ချက်ကား နုပျိုလန်းဆန်းလျက်ရှိသည်။
ဆရာကြီးသည် ၁၉၈၅ ခုနှစ်တွင် ဆော်ဒီအာရေဗျနိုင်ငံ၊ မက္ကာမြို့သို့ ဟဂျ်ပြုရန် လျှောက်ထားခဲ့သည်။ မဲမပေါက်သဖြင့် သွားခွင့်မရ။ သို့သော် ၁၉၈၆ ခုနှစ်တွင် ဝန်ထမ်းများကိုလည်းကောင်း၊ ဘာသာ သာသနာရေး ခေါင်းဆောင်များကိုလည်းကောင်း မဲမနှိုက်ရဘဲ မက္ကာသို့ ဟဂျ်ပြုရန် ခွင့်ပြုခဲ့သဖြင့် ဆရာကြီးသည် ဟဂျ် ခေါ် ကမ္ဘာ့ညီမူရာသို့ တက်ရောက် ခဲ့သည်။ တစ်ရောင်တည်း တစ်ဆင်တည်းဝတ်ပြီး တပ်က်ဗီရ် တစ်ခုတည်း ကို ရွတ်ဆိုရင်း ရင်းနှီးမှု၊ တူညီမှု၊ စည်းလုံးမှု၊ တစ်သားတည်းဖြစ်မှုကို လက်တွေ့ အကောင်အထည်ဖော်ခဲ့သည်။ အလံနီ ကွန်မြူနစ်ကြီး မက္ကာ ပြန် ဟာဂျီဖြစ်သွားတော့သည်။
ဆရာကြီးကို ၁၆ ကြိမ်မြောက် သာသနာ့အစည်းအဝေးကြီးမှ အစ္စလာမ်သာသနာရေးရာကောင်စီ နာယကကြီးအဖြစ် ရွေးကောက် တင်မြှောက်ခဲ့သည်။
ဆရာကြီးပြုစုခဲ့သည့် စာပေများမှာ- ဝမ်းအိုဝမ်းနှင့် မြေအောက် တော်လှန်ရေး(၁၉၆၇)၊ အာဇာနည်အမျိုးသားခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇတ် အတ္ထုပ္ပတ္တိ ပထမတွဲ (၁၉၇၂)၊ မေတ္တာလက်တစ်ကမ်း(၁၉၇၄)၊ နွေဦးရဲ့သမီးပျို(၁၉၇၁)၊ ဂျပန်သုံ့ပန်း မဂိုကပြားမလေး(၁၉၇၆)၊ မန္တလေး ၁၃၀ဝ ပြည့်အရေးတော်ပုံမှသည် နယ်ချဲ့တော်လှန်ရေးသို့(၁၉၈၄)၊ နယ်ချဲ့ ကို ဒူးမထောက်တဲ့ သခင်နက်ဖေ(၁၉၉၉)၊ ဂျပန်တော်လှန်ရေး လေထီး သမားများ(၁၉၉၉)၊ တမန်တော်မြတ်ကျင့်သုံးခဲ့သည့် မဟာဗျူဟာနှင့် နည်းဗျူဟာများ(၂၀ဝ၅)၊ ဂျပန်ခေတ် လေယာဉ်ပစ်အမြောက်ကြီးတပ် (၂၀ဝ၆)၊ မြန်မာ့အာဇာနည် ခေါင်းဆောင်ကြီး ဆရာကြီးဦးရာဇတ်(၂၀ဝ၇) တို့ဖြစ်သည်။
ဆရာကြီးသည် ရာပြည့်၊ မိုးဂျာနယ်၊ မြက်ခင်းသစ်၊ ကြီးပွားရေး ဂျာနယ်၊ ဝေဒ၊ ရနံ့သစ်၊ စိမ်းရောင်သွင်(ရသစုံ) နှစ်(၆၀)ပြည့် တပ်မတော် နေ့ ဂုဏ်ပြုစာစောင်၊ ရန်ကုန်တိုင်းမ်ဂျာနယ်၊ ဖလားဝါးနယူးစ်၊ ဘိုင်ဝီကလီး အလဲဗင်း၊ ဝိကလီးအလဲဗင်း၊ ဈေးကွက်၊ ဖေးဘရိတ်နယူးစ် စသည့် စာနယ်ဇင်းတို့တွင်လည်း ဆောင်းပါးအများအပြားရေးခဲ့သည်။
ကိုသန်းရွှေရေး ဗမာမွတ်စလင်တို့၏ဖြစ်စဉ်သမိုင်း၊ လူမရွေးတဲ့ ဗိုလ်ဒွေး၊ ပစ်တိုင်းထောင်လေးတွေရဲ့ဆရာ၊ အစ္စလာမ့်ရွေးချယ်ရေးတရား စသည့် ဆောင်းပါးများကိုလည်း အစ္စလာမ့်ဘာသာရေးစာစောင်များတွင် ပါဝင် ရေးသားခဲ့သည်။
ရေးသားပြုစုပြီး ထုတ်ဝေဖြန့်ချီရန် စီစဉ်ထားသောစာမူများမှာ-
(၁) အလံနီများ ရင်သွေးငယ်များကို ပေးအပ်ခြင်း
(၂) စံပယ်ကြူလျှင် ပန်ချင်သူကောက်မြဲ
(၃) ဝမ်းအိုဝမ်းရဲ့ ဘဝမှတ်တမ်း
(၄) ဘီဒီအေ စက်အမြောက်တပ်ရင်း
(၅) ဧရာဝတီရဲ့သားပျို (ဆောင်းပါးပေါင်းချုပ်)
(၆) ရဲနီသက်တင်
(၇) အရူးလက်မှတ်ရလှမင်းနှင့် ရောင်းရင်းများ
(၈) ကျိုက်မရောအလှကို အကျည်းတန်အရုပ်ဆိုးစေတဲ့ သမိုင်းဖြစ်ရပ်
(၉) သီရိပျံချီ အလ်ဟဂျ် အလ္လာမဟ် ဃာဇီ မုဟမ္မဒ် ဟာရှင်မ်အကြောင်း
(၁၀) ဗမာမွတ်စလင်မ် ဟီးရိုးများအကြောင်း
(၁၁) ပသီဗမာမွတ်စလင်မ်သမိုင်းကြောင်းတို့ဖြစ်သည်။
မြန်မာ့အာဇာနည်ခေါင်းဆောင် ဆရာကြီးဦးရာဇတ်(၂၀ဝ၇)အတွက် ထွန်းဖောင်ဒေးရှင်းအတ္ထုပ္ပတ္တိစာပေဆု ချီးမြှင့်ခံရသည်။ အဆိုပါ စာအုပ်နှင့်ပတ်သက်၍ စာရေးဆရာကြီး လူထုဦးလှက-
အခု စာရေးဆရာကျော်ဝင်းမောင် ပြုစုရေးသားတဲ့ ဆရာကြီး ဦးရာဇတ်အတ္ထုပ္ပတ္တိမှာလည်း ကြည်ညိုရင်းစွဲ သဘောနဲ့အတူ စိတ်ထားထက်သန်မှုအားကောင်းတာကို တွေ့ရပါတယ်။ ဒီ စာအုပ်မှာတော့ ဘာသာရေး သာသနာရေးကြည်ညိုမှုမျိုး၊ စိတ် စေတနာထက်သန်တာမျိုးမဟုတ်ဘဲ နိုင်ငံရေးနဲ့သာဆိုင်တဲ့ ကြည်ညိုထက်သန်မှုမျိုးသာ အရင်းခံပါတယ်
ဟု သုံးသပ်သည်။
ဆရာကြီးဇေယျာမောင်က-
ခြောက်သွေ့သော သမိုင်းကြောင်းအချက်အလက်များကို စိုပြည်လှုပ်ရှားသော ဆရာကြီးဘဝတွင် ထင်ဟပ်ပေါ်လွင်စေရန် ခြယ်မှုန်းပြထားသဖြင့် စိတ်ဝင်စားဖွယ်ဖြစ်ပါသည်
ဟုအကဲခတ်ပါသည်။
၂၀ဝ၈ ခုနှစ် အောက်တိုဘာလ ၁၂-ရက်နေ့တွင် ကျင်းပသောThe Friday Media Group ၏ အစ္စလာမ့်စာပေဆုနှင်းသဘင်မှ ဆရာကြီး၏ မြန်မာ့အာဇာနည်ခေါင်းဆောင် ဆရာကြီးဦးရာဇတ်အတ္ထုပ္ပတ္တိ အတွက် မြန်မာမွတ်စလင်အတ္ထုပ္ပတ္တိ အစ္စလာမ့်စာပေဆုကို ချီးမြှင့်ခဲ့သည်။
ဆရာကြီး၏စာပေအများစုသည် ကိုယ်တွေ့ဖြစ်ရပ်များကို အခြေခံ ပါသည်။ ထို့ကြောင့်ပင် ပထမတန်းစားနိုင်ငံ ပထမတန်းစား စိတ်ဓာတ်}စာအုပ်တွင် ဆရာကြီး၏ဘဝနှင့်စာပေနှင့်ပတ်သက်၍-
ယနေ့သော် နိုင်ငံရေးစိတ်ထက်သန်တဲ့လူငယ်တွေကို ဝမ်းအို ဝမ်း ကျော်ဝင်းမောင်ရဲ့စာအုပ်တွေ ဖတ်စေချင်ပါတယ်။ သူတို့ ခေတ်က လူငယ်တွေ နိုင်ငံရေးထဲဘယ်လိုပါခဲ့ကြတယ်။ ဘယ်လိုစွန့်စားခဲ့ရတယ်။ ဘယ်လိုလှိုင်းတံပိုးတွေ ရင်ဆိုင်ခဲ့ ရတယ် စတာတွေကို တွေ့ရပါလိမ့်မယ်။ ငါတို့သာ တိုင်းပြည် ကိုချစ်တယ်၊ ငါတို့သာ တိုင်းပြည်အကျိုးကို ကိုယ်ကျိုးစွန့်ပြီး လုပ်ဆောင်နေတာလို့ တလွဲမာန်တက်နေသူတွေလည်း ဖတ် ဖြစ်အောင်ဖတ်စေချင်တယ်။ နိုင်ငံရေးသမားဆိုတာ တိုင်းသူ ပြည်သူလူအများ အသာစံဖို့အတွက် မိမိတို့ရဲ့ဘဝ အနာခံပြီး လုပ်ပေးရသူဆိုတဲ့ အနက် အဓိပ္ပာယ်ကို ဦးကျော်ဝင်းမောင်ရဲ့ နိုင်ငံရေးဘဝထဲမှာ တွေ့လာရပါလိမ့်မယ်။
ဝမ်းအိုဝမ်းကြီးရဲ့ နိုင်ငံရေးဘဝကို လေ့လာရင်း သူ့အပေါ် လူအများက ဘာကြောင့်ချစ်ခင်လေးစားကြတယ်ဆိုတာကို ဆန်းစစ်ရင် ရိုးသားဖြူစင်စွာ လူ့ဘဝကို နေထိုင်ခြင်းရဲ့တန်ဖိုး ကို ပို၍နားလည်လာမယ်လို့ ယုံကြည်ကြောင်းပါဗျာ
ဟူ၍ သုံးသပ်တင်ပြသည်။
ဆရာကြီး၏ အသက် ၉၀ ပြည့်မွေးနေ့ပွဲကို ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ၂၈ ရက်နေ့မှာ ရန်ကုန်မြို့ ဝိုင်အမ်စီအေ ခန်းမမှာပြုလုပ်ခဲ့ပါသည်။ ဆရာကြီးရဲ့ အပေါင်းအသင်းများ၊ လုပ်ဖော်ကိုင်ဖက်များ၊ တပည့်တပန်းများ၊ နိုင်ငံရေးနယ်၊ စာပေနယ်မှ ပုဂ္ဂိုလ်များက ခင်မင် ရင်းနှီးစွာ တက်ရောက် ချီးမြှင့်ခဲ့ကြပါသည်။ ဆရာကြီးကို ကြည်ညိုလေးစားသည့် ကလောင်ရှင် ပသီဆောင်းနှင်းဖြူက ဘဝမှတ်တမ်း ဝမ်းအိုဝမ်း အမည်ရှိ စာတမ်းကို ဖတ်ကြားပါသည်။
စာတမ်းတွင်-
ဆရာကြီးကျော်ဝင်းမောင်ဟာ အတိတ်ကာလမှာလည်း တိုင်းပြည်နဲ့လူမျိုးအတွက် စွန့်လွှတ်ပြီးတော့ ဆောင်ရွက်ခဲ့တာ တွေဟာ အထက်မှာ ကျွန်မပြောပြတင်ပြခဲ့တဲ့ ဆရာကြီးရဲ့ ကိုယ်ရေးအကျဉ်းကိုကြည့်၍ သိသာတယ်၊ မြင်သာတယ်၊ ပစ္စုပ္ပန်ကာလမှာလည်း ဆရာကြီးဟာ ငြိမ်းချမ်းရေးတိုက်ပွဲမှာ ပြည်သူတွေနဲ့အတူ အပြင်းအထန် လှုပ်ရှားခဲ့သူပါ။
အတိတ်ကာလ ပစ္စုပ္ပန်ကာလနှစ်ခုမှာ ဘယ်ပေတံနဲ့ တိုင်းတိုင်း၊ ဘယ်မှတ်ကျောက်နဲ့တင်တင် ဒေါင်ဒေါင်မြည် စမ်းသပ်ခံနိုင်တဲ့ နိုင်ငံရေးသမားတစ်ယောက်၊ နိုင်ငံရေး ခေါင်းဆောင်တစ်ယောက်ဆိုတာ ပေါ်လွင်ထင်ရှားစွာ သုံးသပ် နိုင်ပါတယ်
ဟု မှတ်ချက်ပြုပါသည်။
အစ္စလာမ်ဘာသာဝင် မွတ်စလင်အမျိုးသားများနှင့် ပတ်သက်၍ ဆရာကြီး ဂုဏ်ယူမှုကို-
]ဆရာကြီးတို့ တပ်မတော်ထဲဝင်တုန်းက မင်းဘယ်ဘာသာ ကိုးကွယ်သလဲ၊ ဘာလူမျိုးလဲဆိုတာ မမေးဘဲ လက်ခံခဲ့တယ်။ ပြီး ဆရာကြီး အမြဲပြောပြနေတဲ့ စကားတစ်ခွန်း ရှိပါသေးတယ်။ ]ကျွန်တော်တို့ ပသီ ခေါ် ဗမာမွတ်စလင်အမျိုးသားတွေဟာ အစားအသောက်နဲ့ အဆင်းရဲခံပြီး တပ်မတော်ထဲ ဝင်ခဲ့တယ်။ တစ်ခြား တိုင်းရင်းသားလူမျိုးတွေ တိုင်းပြည်ချစ်တယ်ဆိုတာ ထက် ကျွန်တော်တို့က ပိုချစ်တယ်လို့ ပြောရင်မှားမယ်မထင် ဘူး}တဲ့ ဆက်ပြီး
]ကျွန်တော်တို့ ပသီ ခေါ် ဗမာမွတ်စလင်တွေဟာ တစ်ဦး ချင်းဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ ဘယ်တော့မှ တိုင်းပြည် ကို သစ္စာဖောက်ခဲ့တယ်ဆိုတာမျိုး သမိုင်းမှာ မရှိခဲ့ပါဘူးလို့ ဆိုခဲ့ပါသေးတယ်
ဟုဖော်ပြထားပါသည်။ မွေးနေ့အထိမ်းအမှတ်စာစောင်ကျောဖုံးတွင်လည်း ထုတ်ဝေရန်စီစဉ်ဆဲ စပယ်ကြူလျှင် ပန်ချင်သူကောက်မြဲစာအုပ် အမှာ စာမှ ကောက်နုတ်ချက်ကို-
မြန်မာတိုင်းရင်းသားများနဲ့ ဝင်ဆံ့အောင်နေသွားနိုင်တဲ့ ဆရာကြီး ဦးရာဇတ်ရဲ့ နမူနာထုံးကို အတုယူပြီး သူ့လိုဆောင်ရွက်ခဲ့ရင် ]စံပယ်ကြူလျှင် ပန်ချင်သူကောက်မြဲ}ပါလို့ ပသီနှင့် ゞင်းတို့ အဆက်အနွယ်များအား ဟစ်လို့သာပြောလိုက်ပါရစေလား
ဟုဖော်ထုတ်ထားပါသည်။ ဆရာကြီး၏ စပယ်နံ့သည် မြန်မာ့နိုင်ငံရေး နယ်ပယ်နှင့် စာပေနယ်ပယ်တွင် သင်းပျံ့မွှေးကြူနေဆဲဖြစ်ပါသည်။
ဤတွင် ဆရာကြီး၏ မွတ်စလင်စာစုအနက် တမန်တော်မြတ် ကျင့်သုံး ခဲ့သည့် မဟာဗျူဟာနှင့်နည်းဗျူဟာများ ကျမ်းစာအုပ်ကို လေ့လာ တင်ပြလိုပါသည်။ အစ္စလာမ့်တံခွန် စာပေရိပ်မြုံမှ ကန့်သတ် ထုတ်ဝေသည့် ကျမ်းဖြစ်ပါသည်။ ကျမ်းတွင် အပိုင်း၃-ပိုင်း၊ အခန်း ၈-ခန်းနှင့် နောက်ဆက်တွဲများပါဝင်ပါသည်။ အပိုင်း ၁-သည် တမန် တော်မြတ်၏ သမိုင်းအကျဉ်းချုပ်၊ အပိုင်း-၂ သည် တမန်တော်မြတ် ကျင့်သုံးခဲ့သည့် မဟာဗျူဟာနှင့် နည်းဗျူဟာ၊ အပိုင်း-၃ သည် မှတ်သား စရာ အချို့နှင့်နိဂုံးများဖြစ်သည်။
တမန်တော်မြတ်၏သမိုင်းအကျဉ်းချုပ်သည် သီရိပျံချီ ဆရာဃာဇီ မုဟမ္မဒ်ဟာရှင်မ်၏ တမန်တော်မြတ် အတ္ထုပ္ပတ္တိတွဲများကို အဓိကထားပြီး တင်ပြခြင်းဖြစ်သည်။
အပိုင်း-၂ တမန်တော်မြတ်ကျင့်သုံးခဲ့သည့် မဟာဗျူဟာနှင့် နည်း ဗျူဟာအကြောင်းတွင်-
၁။ သေနင်္ဂဗျူဟာ အခင်းအကျင်း
၂။ နည်းဗျူဟာကျင့်စဉ်များ
၃။ လျှို့ဝှက်စွာ စည်းရုံးခြင်း
၄။ အနာခံ စည်းရုံးခြင်း
၅။ လက်နက်ကိုင် စည်းရုံးရေးခေတ်
၆။ အခြေခံစခန်း တည်ဆောက်ရေးပြဿနာ
၇။ အယူအဆမတူတဲ့ သားအဖပြဿနာအပေါ် တမန်တော်မြတ် ကိုင်တွယ်ပုံ
၈။ တွေ့ဆုံဆွေးနွေးရေး ကိစ္စ ဟူသည့် ခေါင်းစဉ်များ ပါဝင်သည်။
မွတ်စလင်စာပေတွင် တွေ့ရခဲသော ခေါင်းစဉ်များဖြစ်သည်။ ကိုယ်တွေ့ ကိုအခြေခံပြီး ကိုယ်ပိုင်တွေးခေါ်မြော်မြင်မှုကို ဖော်ထုတ်ထားခြင်းဖြစ်သည်။ တစ်မူထူးခြားသော အတင်အပြဖြစ်သည်ကို သာဓကဆောင်ပါအံ့။
တမန်တော်မြတ်မုဟမ္မဒ်(စွ)သခင်ဟာ အစ္စလာမ့်ရန်သူအရဗ် တွေနဲ့ စစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုရာမှာ အင်မတန် တစ်ဖက်စောင်းနင်းကျခံပြီး ချုပ်ဆိုရပါတယ်။ ဒီလိုမတရား စာချုပ်ချုပ်ခံထားရတဲ့ စာချုပ်မှန်းသိပါလျက်နဲ့ လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့တယ်။ အဲဒီလို အနစ်နာခံကာ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်လိုက်တဲ့အတွက် တမန်တော်မြတ် မုဟမ္မဒ်သခင်ဟာ မျှော်လင့်မထားတဲ့အခွင့်အရေး တစ်ပုံတစ်ခေါင်းကြီး ရလိုက် ပါတယ်။
မက္ကာတစ်မြို့လုံးကိုသော်လည်းကောင်း၊ အာရေဗျကျွန်းဆွယ် ကြီးတစ်ခုလုံးကိုသော်လည်းကောင်း သိမ်းပိုက်ထားလိုက်နိုင် တယ်။ အဲဒီအခြေအနေကနေ ယနေ့ဆိုရင် ကမ္ဘာအနှံ့အပြားမှာ အစ္စလာမ့်အလံလွှင့်လျက် ရှိနေပါပြီ။ ဒါဟာ ဟိုဒိုင်ဗီယဟ် ငြိမ်းချမ်းရေးစာချုပ်ကို ချုပ်ဆိုနိုင်လိုက်တဲ့ ရလဒ်တွေပဲ ဖြစ်ပါ တယ်။
အဲဒီလိုပဲ ဗကပတွေဟာ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုနိုင်လိုက် မယ်ဆိုရင် မျှော်မှန်းလို့မရနိုင်တဲ့ အခွင့်အရေးတွေဟာ ငြိမ်းချမ်း ရေးစာချုပ်နဲ့တစ်ပါတည်း ကပ်ပါလာလိမ့်မယ်ဆိုတာ မသိ နားမလည်ကြဘူး။ ဂိုဏ်းဂဏစွဲတွေ၊ မယုံကြည်မှုတွေကို ထိပ်တန်းမှာထားတာကြောင့် စစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးကို အရမယူလိုက်နိုင်ဘူး။ ဒါဟာ နည်းဗျူဟာလမ်းစဉ်ကို နား မလည်တာ၊ မယုံကြည်တာဖြစ်တယ်။ ဒါကြောင့် ဗကပဟာ ဗမာ့မြေပေါ်က ကြက်ပျောက်ငှက်ပျောက်ဖြစ်ခဲ့ရတယ်လို့ ဆိုရင် လွန်လွန်းရာကျမယ်မထင်ဘူး။
နောက်ဆုံး အရှေ့တောင်အာရှမှ အဖက်ဖက်တွင် ရှေ့က ပြေးနေခဲ့တဲ့ တိုင်းပြည်အဆင့်ကနေ နောက်ဆုံး အဖက်ဖက်မှာ ဓားမနောက်ပိတ်ခွေးလို ဖြစ်ခဲ့ရတယ်။ အနောက်ကျကြီး ကျန်ရစ်သွားရမဲ့အဖြစ်မျိုး ဆိုက်ရောက်လျက်ရှိနေပါတယ်}
ဟု ခေတ်အရေး၊ ခေတ်အတွေးဖြင့် တမန်တော်မြတ်နည်းဗျူဟာကို ပေါ်လွင်အောင် ဖော်ကျူးထားပါသည်။ ထူးခြားဆန်းသစ်သော အတွေး အရေးဖြစ်ပါသည်။
ဆရာကြီးသည် ]တိမ်ကောပျောက်ကွယ်နေတဲ့ ပသီကို ပြန်လည် ဖော်ထုတ်ခြင်း} ဖြင့် ပသီသမိုင်းကိုတင်ပြပါသည်။ အခန်း၅-ခန်းနှင့် နောက်ဆက်တွဲ ၂-ပိုင်းပါဝင်သည်။
အခန်း-၁ တွင် မြန်မာပြည်တွင် ရှိရင်းစွဲလူမျိုးစုများနှင့် ယင်းတို့၏ ပင်ရင်းနေထိုင်ရာ ဒေသများ၏ ပုံကြမ်းအကျဉ်းချုပ်
အခန်း-၂ တွင် မြန်မာမွတ်စလင်အမျိုးသားဟူ၍ မြန်မာတိုင်းရင်းသား လူမျိုးစုတစ်ရပ် ထပ်မံပေါ်ပေါက်လာခြင်း
အခန်း-၃ တွင် မြန်မာမွတ်စလင်အမျိုးသားများသည် အစ္စလာမ် ဘာသာကို ကိုးကွယ်ကြသော မြန်မာလူမျိုးလော သို့မဟုတ် မြန်မာ တိုင်းရင်းသား လူမျိုးတစ်မျိုးလော
အခန်း-၄ တွင် ဗမက ဘယ်လဲ
အခန်း-၅ တွင် ဗမက တာဝန်များ
နောက်ဆက်တွဲတွင် နာမည်အခေါ်အဝေါ်ပြဿနာ
ဗမကဟောင်းမှ ဗမကသစ်သို့ စသည့်ခေါင်းစဉ်များဖြင့် တင်ပြထား ပါသည်။
အဓိကမှာ ဗမာမွတ်စလင်အမျိုးသားများသည် လူမျိုးတစ်မျိုးဖြစ်သည် ဟု ဆရာကြီးက ထုတ်ဖော်လိုခြင်းဖြစ်ပါသည်။ ဆရာကြီး၏ယုံကြည် ချက်ကို ကြိုးပမ်းဖော်ကျူးထားချက်ဖြစ်ပါသည်။ ထို့ကြောင့်ပင် ဘဝ မှတ်တမ်း ဝမ်းအိုဝမ်းတွင်-
အဲဒီအချိန်မှာ ၁၉၄၆ ခုနှစ် ဗမာမွတ်စလင်ကွန်ဂရက် ပျဉ်းမနား ညီလာခံက ဗမာကို ဗမာသိရေး၊ ဗမာမွတ်စလင်များသည် အစ္စလာမ်ဘာသာကို ကိုးကွယ်ကြတဲ့ ဗမာလူမျိုးများဖြစ်သည် ဟု ြွေကးကြော်သံသည်မှားယွင်းခဲ့ကြောင်း၊ ဗမာမွတ်စလင်များ သည် အစ္စလာမ်ဘာသာဝင် မြန်မာများမဟုတ်၊ ရှေးသမိုင်းက ရှိခဲ့သော ပသီလူမျိုးများနှင့် တစ်မျိုးမဟုတ်တစ်မျိုး ဆက်စပ် လာခဲ့သော အဆက်အနွယ်များဖြစ်သည်၊ လူမျိုးတစ်မျိုး ဖြစ်သည်ဟူသော စစ်တမ်းကို ရေးခဲ့တယ်
ဟုတင်ပြထားပါသည်။ ဆရာကြီးသည် သတ္တိရှိသည်၊ ပွင့်လင်းသည်၊ ယုံကြည်ချက်ခိုင်မာသည်ဟု ဆိုရပါမည်။
ဆရာကြီးသည် မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့၏ အကန်တော့ ခံ သက်ကြီးပညာရှင်တစ်ဦးဖြစ်သည်။ ကုလသမဂ္ဂက ကျင်းပသော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုဂုဏ်ပြုပွဲတွင် တစ်ဦးအဖြစ်လည်း ပါဝင်ခဲ့သည်။
ကျန်းမာသက်ရှည်စွာ စာပေတာဝန်၊ အမျိုးသားရေးတာဝန် ထမ်း ဆောင်ခဲ့သော ဆရာကြီးသည် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၃ ရက် ည ၁၀း၄၅ နာရီ၊ အသက် ၉၃-နှစ်တွင် အရှင်မြတ်အမိန့်တော်ခံယူခဲ့ သည်။ ဆရာကြီး၏ဆန္ဒအတိုင်း နောက်နေ့ညနေ ၃-နာရီတွင် သန်လျင် မြို့ ငါးပါးသခင် သူတော်စင်များဗိမာန် ဥယျာဉ်တော်၌ မြှုပ်နှံခဲ့ကြသည်။
ဆရာကြီး၏ဈာပနသို့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံမှ ဆရာကြီး၏ တပည့်တပန်းများ၊ အပေါင်းအသင်း ရောင်းရင်းများ၊ လုပ်ဖော်ကိုင်ဖက် များ၊ အသင်းအပင်းအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ လိုက်ပါပို့ဆောင် ဂါရဝ ပြုကြသည်မှာ အထူးစည်ကား များပြားလှသည်။
အခမ်းအနားတွင် ဂုဏ်ပြုစကားပြောကြားသူများအနက် ရွှေဝါရောင် သံဃာအဖွဲ့ ဦးဆောင်ဆရာတော် ဦးပဏ္ဍဝံသက-
အစားထိုးလို့မရတဲ့ ဆုံးရှုံးမှုတစ်ခုလို့ ပြောရမယ်။ ဒီလို ဆရာကြီးတွေဟာ တဖြည်းဖြည်းနဲ့ ရှားပါးလာပြီလေ၊ ဒီဘက် ခေတ်မှာ နယ်ပယ်အစုံမှာ ကျော်ကြားသူတွေ ပေါ်ပင်ပေါ်ငြား သော်လည်း ဒီဆရာကြီးတွေမှာတော့ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရတဲ့ သူတို့ရဲ့ဂုဏ်ပုဒ်တွေရှိတယ်။ သူတို့လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်တွေဟာ တိုင်းပြည်အတွက် လူမျိုးအတွက် အမျိုးဘာသာ သာသနာအတွက် အများကြီးဆောင်ရွက်ခဲ့တာ ဆိုတော့ အစားထိုးမရတဲ့ ဆုံးရှုံးမှုလို့ပဲ ပြောချင်တယ်
ဟု မိန့်ကြားတော်မူခဲ့ပါသည်။
ဆရာကြီးအတွက် ဝမ်းနည်းကြေကွဲခြင်းများကို အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်၊ မြို့နယ်အသင်းနှင့် တပည့်များက ဂျာနယ် သတင်းစာများတွင် ဖော်ပြခဲ့ကြသည်။ ကြေးမုံသတင်းစာပါ အထူး ဝမ်းနည်းကြေကွဲခြင်းကို အောက်ပါအတိုင်းတွေ့ရသည်။
ပါမောက္ခ ဒေါက်တာ အောင်ဇော်
(နာယက-အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်)