အဲဒါက ဘယ်လိုရှိသလဲဆိုတော့ လူတွေကို သူတော်ကောင်းတရား နိုးကြားလာဖို့ အတွက် နှိုးဆော်ဖို့လိုတယ်။ လူတွေဟာ အမိုက်အမှားနဲ့ မကင်းဘူး။ သတိလက်လွတ်ဖြစ်တတ်တယ်။ သတိပြန်၀င်လာအောင် နှိုးဆော်ကြရတယ်။ တမန်တော်မြတ်မတိုင်ခင် လက်ထက်က ဘာသာအသီးသီးမှာဆိုရင်လည်း ဒီလိုပျံ့လွင့်နေတဲ့စိတ်ကို တရားဘက်ရောက်အောင် ပြန်လည်သတိဖော်ရတဲ့နည်းတွေ ရှိပါတယ်။ ဥပမာ - ဟိန္ဒူဘုရားကျောင်းမှာဆိုရင် ခေါင်းလောင်းတီးတယ်။ ဗုဒ္ဓဘာသာမှာဆိုရင် ကြေးစည်လည်းတီးတယ်။ ခေါင်းလောင်းလည်းထိုးတယ်။ အဲဒီလိုပဲ ရှင်တိုဘာသာမှာဆိုရင်လည်း ဗုံတီးတယ်။ ခရစ်ယာန်ဘာသာမှာဆိုရင်လည်း ခေါင်းလောင်းထိုးတယ်။ အဲဒီလိုပဲပေါ့လေ။ လူ့ရဲ့စိတ်ကို သူကောင်းတရားဘက် ကိုင်းညွှတ်လာအောင် အသံတစ်ခုခုနဲ့ လုပ်ကြတယ်ဆိုတာ အားလုံးနားလည်ပြီးသားပါ။
အစ္စလာမ်ဘာသာမှာကြတော့ အချိန်အခါကိုပိုင်းခြားပြီး ၀တ်ပြုကြရတာဖြစ်တဲ့အတွက် လူတွေဟာ ကိုယ့်လုပ်ငန်းခွင်တွေထဲမှာ နစ်မျောနေတဲ့အခါကြတော့ သတိရလာအောင် နှိုးဆော်တာပါပဲ။ မြန်မာစကားနဲ့ ပြောရင်တော့ နိဗ္ဗာန်ဆော်များပေါ့။ နိဗ္ဗာန်ဆော်ဆိုတာအဲဒီလိုလူတွေကို ၀တ်ပြုချိန်ရောက်ပြီလို့ အသိပေးဖို့အတွက် ဖိတ်ခေါ်ရခြင်းဖြစ်ပါတယ်။ ဖိတ်ခေါ်တဲ့အခါမှာလည်း သုံးနှုန်းတဲ့ စကားလုံးလေးတွေကလည်းအင်မတန် နူးညံ့သိမ်မွေ့ပါတယ်။ ဘယ်သူ့ကိုမှလည်း ရန်တွေ့တာ ကျိန်စာတိုက်တာ မဟုတ်ပါဘူး။ ပုထုဇဉ်လူသားတွေ လောကီကာမဂုဏ် အာရုံတွေထဲမှာနစ်မျောနေရာကနေ သတိနဲ့အသိ ၀င်လာပြီးတော့ သူတော်ကောင်းတရားဘက်ကို ပြန်လည်ကျင့်ကြံအားထုတ်ဖို့အတွက် သတိရလာအောင် ညဏ်ဖွင့်ပေးတဲ့စကားလုံးလေးတွေနဲ့ ဖိတ်ခေါ်ခြင်းဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ စော်ကားတာမဟုတ်ပါဘူး။
မေတ္တာကိုသာဖြန့်ကျက်ခြင်းပါ။ ၀ါဒဖြန့်တာလည်း မဟုတ်ပါဘူး။
စာအုပ် - အစ္စလာမ်ဘာသာကို သိရှိလေ့လာလိုသူတိုင်း အတွက်
ရေးသားပြုစုသူ - အလ်ဟဂျ်ဦးအေးလွင်
အစ္စလာမ့်ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူး