တမန်တော် မုဟမ္မဒ် (ﷺ)၏ မိမိကိုယ်ကို နှိမ့်ချတတ်မှု

 တမန်တော် မုဟမ္မဒ် (ﷺ)၏ မိမိကိုယ်ကို နှိမ့်ချတတ်မှု

“အမှန်စင်စစ် အလ္လာဟ်သည် မည်သည့် မာန်မာန ထောင်လွှားသူကိုမျှ၊ ဂုဏ်မောက်သူကိုမျှ နှစ်သက်တော်မမူပေ။” (ကုရ်အာန် ၃၁:၁၈)
ဘုရင်တွေနဲ့ ခေါင်းဆောင်တွေအကြောင်း စဉ်းစားတဲ့အခါ မိတ်ဆွေတို့စိတ်ထဲ ဘယ်လိုပေါ်လာလဲ? ဂုဏ်ပုဒ်တွေ၊ အာဏာတွေနဲ့အတူ စားကောင်းသောက်ဖွယ်တွေ၊ ဝတ်ကောင်းစားလှတွေနဲ့ ခမ်းနားတဲ့ အဆောက်အဦးတွေ နေရာတွေကို တွဲပြီး မြင်မိတယ် မဟုတ်လား? သို့ပေမယ့် တမန်တော်မုဟမ္မဒ်(ﷺ)ကတော့ သာမန်လူတန်းစားတွေနဲ့ မဝေးကွာတဲ့ ပုံရိပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ တမန်တော်သက်တမ်း ၂၃နှစ်အတွင်းမှာ တမန်တော်မုဟမ္မဒ်(ﷺ)ဟာ အင်မတန် ရိုးသားပြီး နှိမ့်ချစွာနဲ့ ဘဝကို နေထိုင်ဖြတ်သန်းခဲ့ပါတယ်။ တမန်တော်မုဟမ္မဒ်(ﷺ)ရဲ့ အဆွေတော်တစ်ဦးဖြစ်တဲ့ စဟလ်အိဗ်နေစအဒ်က တမန်တော့်ရဲ့ အစားအသောက်နဲ့ ပတ်သက်ပြီး “အရှင့်တမန်တော်ဟာ တမန်တော်အဖြစ် စေလွှတ်ခံခဲ့ရတဲ့ အချိန်မှစ၍ ကွယ်လွန်တော်မူတဲ့အထိ ဂျုံနုနဲ့ ပြုလုပ်ထားတဲ့ မုန့်ကိုစားတာ ကျွန်တော်မမြင်ဖူးခဲ့ပါ”လို့ ပြောခဲ့ပါတယ်။ သူဟာဖြုန်းတီးတာကို မနှစ်သက်ပါဘူး။ သူ့ရဲ့အိမ်မှာ အပိုအလျှံ စုဆောင်းထားတဲ့ အစားအစာတွေ မရှိခဲ့ပါဘူး။ သူဟာ ဆင်းရဲသားတွေနဲ့ အိမ်နီးချင်းတွေကို ကျွေးမွေးဖို့ ပိုပြီး အလေးထားခဲ့ပါတယ်။ “အကြင်သူရဲ့အိမ်နီးချင်း ဆာလောင်နေတဲ့အခါမှာ ထိုသူဟာ ဝမ်းဗိုက်ပြည့်နေမယ်ဆိုရင် ထိုသူဟာ ယုံကြည်သူမဟုတ်” လို့တောင် ပြောခဲ့ပါသေးတယ်။
တမန်တော်ဟာ သူ့ထံယူလာတဲ့ အစားအစာကို ဘယ်တော့မှ အပြစ်တင် မကောင်းပြော မလုပ်ပါဘူး။ ပြီးတော့သူဟာ ဂျုံကြမ်းနဲ့ ရက်ကြာနေပြီဖြစ်လို့ ဆီဂျီးနံ့ရနေတဲ့ ဆီနဲ့ ပြုလုပ်ထားတဲ့ မုန့်ကို ဖိတ်ကျွေးတဲ့ အခါမှာတောင် လက်ခံခဲ့ပါတယ်။ သူဟာ ဘဝကို သိုသိုသိပ်သိပ်ပဲ နေထိုင်ခဲ့ပါတယ်။ သူ့ရဲ့ အဆွေ‌တော် အုမရ်အိဗ်နေခသ်သွာဗ်က တမန်တော်နေထိုင်တဲ့ နေရာကို သွားရောက်ခဲ့ချိန် တမန်တော့်ကို တွေ့ခဲ့ရပုံကို ပြောပြခဲ့ပါတယ်။ တမန်တော်ဟာ စွန်ပလွံရွက်တွေနဲ့ ရက်လုပ်ထားတဲ့ ဖျာပေါ်မှာ လှဲလျောင်းနေခဲ့တာကို သူတွေ့မြင်ခဲ့ပါတယ်။ သားရေနဲ့ ပြုလုပ်ထားပြီး စွံပလွံအခေါက်တွေနဲ့ ဖြည့်ထားတဲ့ ခေါင်းအုံးကို အုံးထားခဲ့ပါတယ်။ တမန်တော်ဟာ သူ့ကို နှုတ်ဆက်ဖို့ ထလာတဲ့အခါမှ သူ့ရဲ့အိပ်ယာခင်းက ကြမ်းတာကြောင့် ခန္ဓာကိုယ်ဘေးဖက်မှာ အရာတွေ ထင်‌နေခဲ့ပါတယ်။ ဒီမြင်ကွင်းဟာ အဆွေတော်အုမရ်ကို မျက်ရည်ကျစေခဲ့ပါတယ်။ တမန်တော်က အုမရ်ကို ဘာကြောင့် ငိုယိုရသလဲ မေးမြန်းခဲ့ပါတယ်။ အုမရ်က ရောမနိုင်ငံနဲ့ ပါရှားနိုင်ငံက ဘုရင်တွေဟာ စည်းစိမ်အပြည့်နဲ့ နေနေကြတယ်။ တမန်တော်ဟာ ဖန်ဆင်းရှင်ရဲ့ တမန်တော်ဖြစ်တာကြောင့် ၎င်းဘုရင်တွေထက် ပိုပြီး ကောင်းတာတွေကို ထိုက်တန်ပါတယ်လို့ ဖြေကြားခဲ့ပါတယ်။ ထိုအခါ တမန်တော်က “ဤလောကမှာ စည်းစိမ်ရှိသူတွေထက် နောင်တမလွန်မှာ စည်းစိမ်ရှိသူတွေက ပိုပြီး ဝမ်းသာသင့်တယ်” လို့ ဖြေကြားခဲ့ပါတယ်။
တမန်တော်မုဟမ္မဒ်(ﷺ)ဟာ သူ့ရဲ့ တမန်တော်အလုပ်၊ လူတို့အား သင်ကြားပေးခြင်း၊ ခေါင်းဆောင်နှင့် တရားသူကြီးအလုပ်များအပြင် အိမ်မှာ ဆိတ်ကို ကိုယ်တိုင် နို့ညှစ်ခဲ့တယ်။ သူ့ရဲ့အဝတ်အစားတွေကို ကိုယ်တိုင် ဖာထေးခဲ့တယ်။ သူ့ရဲ့ ဖိနပ်တွေကို ကိုယ်တိုင်ပြုပြင်ခဲ့တယ်။ သူ့မိသားစုရဲ့ လုပ်ငန်းတွေကိုလည်း ကူညီပေးတော်မူခဲ့တယ်။ တချို့လူတွေက အခြေအနေအရ အခြားရွေးချယ်စရာမရှိလို့ ရိုးရှင်းပြီး နှိမ့်ချစွာ နေထိုင်ကြတာ ဖြစ်တယ်။ တမန်တော်မုဟမ္မဒ်(ﷺ) ကတော့ သူမကွယ်လွန်မီမှာ အာရေဗျကျွန်းဆွယ်ရဲ့ ပိုကြီးတဲ့အပိုင်းကို မွတ်စလင်မ်တို့ အောင်နိုင်ပြီး ဖြစ်ပြီး မွတ်စလင်မ်တို့ရဲ့ ဘဏ္ဍာကိုလည်း အလိုရှိသလို အသုံးပြုနိုင်ခဲ့ပေမယ့် သူဟာ ကွယ်လွန်တဲ့ အချိန်အထိ ရိုးသားစွာနဲ့ ဘဝကို ဖြတ်သန်းခဲ့ပါတယ်။ သူ့မှာ အင်မတန် နည်းပါးတဲ့ ပိုင်ဆိုင်မှုသာ ရှိခဲ့ပြီး ကွယ်လွန်တဲ့အခါမှာလည်း သူ့ရဲ့မိသားစုအတွက် အထူးတလည် စီစဉ်စေခဲ့တာမျိုး မရှိခဲ့ပါဘူး။ သူကွယ်လွန်တဲ့အခါမှာ ပိုင်ဆိုင်မှု အနည်းငယ်လေးသာ ရှိခဲ့ပြီး ရှိခဲ့တဲ့ ဥစ္စာပစ္စည်းတွေ အားလုံးကို လှူဒါန်းခဲ့ပါတယ်။
တမန်တော်ရဲ့ အဆွေတော်တစ်ဦးဖြစ်တဲ့ အမရ်အိဗ်နေအလ်-ဟာရိဆ်က ပြောပြခဲ့ပါတယ်။ “တမန်တော် ကွယ်လွန်သွားတဲ့ အချိန်မှာ သူ့စီးခဲ့တဲ့ မြင်းအဖြူရယ်၊ သူ့ရဲ့ လက်နက်တွေရယ်၊ လှူထားခဲ့တဲ့ မြေတစ်ကွက်ရယ်သာ ထားရစ်ခဲ့ပါတယ်။”
    တမန်တော်မုဟမ္မဒ်(ﷺ)ရဲ့ ဘဝနဲ့ ကွယ်လွန်မှုဟာ ဥစ္စာပစ္စည်းတွေကို စိတ်မဝင်စားဘဲ နောင်တမလွန်အတွက် ရှေးရှုသူတစ်ယောက်မှာ တွေ့နိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ တမန်တော့်ရဲ့ ဥပမာအရ ကောင်းမွန်တဲ့ အစားအသောက်တွေ စားတာနဲ့ ကောင်းမွန်တဲ့ အရာတွေကို ရရှိဖို့ ကြိုးစားတာဟာ မှားယွင်းတယ်လို့ ဆိုလိုတာ မဟုတ်ကြောင်း သဘောပေါက်ဖို့ လိုအပ်ပါတယ်။ ယုံကြည်သူတွေဟာ သူတို့ဆီရောက်လာတဲ့ ဧည့်သည်တွေကို ရက်ရောစွာ ကျွေးမွေးပြုစုရမယ်၊ နေ့ကောင်းနေ့မြတ်တွေမှာ အကောင်းဆုံး အဝတ်အစားတွေကို ဝတ်ဆင်ရမယ်၊ ပြီးတော့ ဘဝရဲ့ အချိုးအကွေ့တိုင်းမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားရမယ်လို့ တမန်တော်မုဟမ္မဒ်(ﷺ)က သင်ပေးခဲ့ပါတယ်။ တမန်တော်ရဲ့ အဆွေတော်ကြီးများဖြစ်တဲ့ အဘူဘကရ် နဲ့ အဗ်ဒုရ်ရဟ်မာန် အိဗ်နေအောဖ်တို့ဟာ အင်မတန် ချမ်းသာကြွယ်ဝပြီး အောင်မြင်တဲ့ စီးပွားရေးသမားတွေ ဖြစ်ကြပါတယ်။ တမန်တော်မုဟမ္မဒ်(ﷺ)ရဲ့ ဘဝကို ရိုးသားနှိမ့်ချစွာ နေထိုင်ခဲ့ပုံကို ကြည့်ပြီး ကျွန်တော်တို့ သင်ယူရမှာက ကျွန်တော်တို့ ယခုနေထိုင်နေတဲ့ ဘဝဟာ ခေတ္တခနသာဖြစ်ပြီး နောင်တမလွန်က အမြဲထာဝရ ဖြစ်တာကြောင့် ကျွန်တော်တို့ဟာ နောင်တမလွန်ကို မေ့လျော့တဲ့အထိ ဥစ္စာပစ္စည်းနောက်ကို မလိုက်ကြဖို့ ဖြစ်ပါတယ်။
တချို့ဝေဖန်ရေးသမားတွေက မုဟမ္မဒ်ဟာ ဒီလို ခက်ခဲတဲ့ ဘဝကို ကြံ့ကြံ့ခံခဲ့တာဟာ နောက်ဆုံးမှာ အာရေဗျနိုင်ငံတစ်ခုလုံးကို လွှမ်းမိုးပြီး အာဏာရချင်ခဲ့လို့ ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒါဟာမဖြစ်နိုင်ပါဘူး၊ တမန်တော့်ရဲ့ လုပ်ငန်းစဉ်အစပိုင်း မွတ်စလင်မ်တွေ အားနည်းနေတဲ့အချိန်မှာ တမန်တော့်ကိုဆန့်ကျင်ခဲ့သူတွေက သူတို့ရုပ်တုတွေကို ကိုးကွယ်နေတာကို မတားမြစ်ဖို့၊ တရားမဟောဖို့ တမန်တော့်ကို အာဏာတွေ ဘုရင်ရာထူးတွေနဲ့ မက်လုံးပေးပြီး ဖျားယောင်းခဲ့ကြပါသေးတယ်။
“အသင်အခု တရားဟောနေတာဟာ ငွေကြေး ဥစ္စာ လိုချင်လို့ ဆိုရင် ငါတို့ထဲက စုဆောင်းပြီး သင့်ကို လုံလောက်တဲ့ထိပေးမယ်။ ငါတို့ထဲမှာ မင်းကို အချမ်းသာဆုံး ဖြစ်အောင် လုပ်ပေးမယ်။ သင် အာဏာလိုချင်တယ် ဆိုရင်လည်း သင်မပါဘဲ ငါတို့ ဘယ်ကိစ္စမှ မဆုံးဖြတ်ဘူး။ သင်ဟာ အုပ်ချုပ်သူဖြစ်ချင်တယ်ဆိုရင်လည်း သင့်ကို ငါတို့ရဲ့ အုပ်ချုပ်သူအဖြစ် ထားမယ်။” စသဖြင့် အာရဗ်ရုပ်ထုကိုးကွယ်သူများက တမန်တော် ဆင်းဆင်းရဲရဲနှင့် အစ္စလာမ်ကို စတင်ဟောပြောနေချိန်မှာ မက်လုံးပေးခဲ့ပါတယ်။ ဒါပေမယ့် တမန်တော်က လက်မခံခဲ့ပါဘူး။ ဒီအဖြစ်အပျက်က တမန်တော်မုဟမ္မဒ်(ﷺ)ဟာ ငွေကြေး အာဏာတွေအပေါ်မှာ စိတ်ဝင်စားမှုမရှိဘဲ သူ့ဟောပြောနေတဲ့ ဖန်ဆင်းရှင်ရဲ့ သတင်းစကားနဲ့ ပတ်သက်ပြီး စစ်မှန်စွာ ရပ်တည်ခဲ့ကြောင်း ပြသနေပါတယ်။

 

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ