သင်ယုံကြည်တဲ့အရာတွေ သင့်ထံရောက်လာမှာပါ

 

သင်ယုံကြည်တဲ့အရာတွေ သင့်ထံရောက်လာမှာပါ။ 
   ကျွန်တော်တို့ ယုံကြည်တဲ့အရာတွေက ကျွန်တော်တို့ဆီ ရောက်လာမှာပါ။ အရေးကြီးတာက ကျွန်တော်တို့ရဲ့စိတ်တွင်းက ခံစားချက်တွေကို ကောင်းအောင်ထားတတ်ဖို့ပါပဲ။ ကျွန်တော်တို့ဟာ မိမိကိုယ်ကို ယုံကြည်မှု အမြဲရှိနေပြီး Self-esteem လို့ခေါ်တဲ့ မိမိကိုယ်ကိုတန်ဖိုးထားတတ်ဖို့ လိုပါတယ်။ ပြီးတော့ မိမိကို ဖန်ဆင်းထားတော်မူတဲ့ အလ္လာဟ်အရှင်မြတ်အပေါ် အပြည့်အဝယုံကြည်ပြီး အရှင်မြတ်ထံမှလာမည့် အကူအညီအပေါ် ယုံကြည်မှု၊ ယုံပုံအားကိုးမှု ရှိရမှာ ဖြစ်ပါတယ်။ 
  ကျွန်တော်တို့ရဲ့အတွေးတွေကို ထိန်းချုပ်ဖို့လိုပါတယ်။ ကောင်းတဲ့အတွေးတွေပဲ တွေးဖို့  အရေးကြီးပါတယ်။ အရာအားလုံးက အတွေးတွေကို အခြေခံပါတယ်။ အတွေးတွေကနေ တဆင့် စိတ်ကူးတွေ ဖြစ်ပေါ်လာတယ်။ အဲဒီစိတ်ကူးတွေကို ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုတွေအပေါ် မူတည်ပြီး ကျွန်တော်တို့ရဲ့ ဘဝတွေက ကွာခြားသွားတယ်။ စိတ်ကူးစိတ်သန်းတစ်ခုကနေ ကြီးမားရဲ့အရာတွေ ဖြစ်ပေါ်လာပြီး ကျွန်တော်တို့တွေရဲ့ ဘဝမှာ အကျိုးသက်ရောက်မှုများစွာ ရှိနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်က ကြီးမားတဲ့ စွမ်းအားရှိပါတယ်။ ယုံကြည်ချက်က ကျွန်တော်တို့ရဲ့ စိတ်ကူးတွေ အကောင်အထည်ပေါ်လာဖို့ တွန်းအားပေးတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ 
  သင်ကဘဝမှာ လူရောစိတ်ပါ ကြွယ်ဝချမ်းသာဖို့ မျှော်လင့်တယ်ဆိုရင် အလ္လာဟ်အရှင်မြတ်ဘက်တော်က အကူအညီတွေ ရောက်လာမှာ အသေအချာပါပဲ။ ဒါပေမယ့် သင့်ရဲ့ အတွေးတွေက မကောင်းမြင်တဲ့ဘက်ကို ဦးတည်နေမယ်ဆိုရင်တော့ မကောင်းတဲ့အရာပဲ သင့်ဆီရောက်လာပါလိမ့်မယ်။ အလ္လာဟ်အရှင်မြတ်က ဟဒီးဆ်ကုဒ်စီ တစ်ခုမှာ မိန့်ထားတော်မူပါတယ်။ 
  "ငါအလ္လာဟ်အရှင်မြတ်သည် ငါ၏ကျေးကျွန်က ငါ့ကို ထင်မြင်သည့်အတိုင်းပင် ဖြစ်တော်မူသည်။ ငါအရှင်မြတ်၏ကျေးကျွန်သည် ငါ့ကို တမ်းတသည့်အခါ ငါသည် သူနှင့်အတူရှိတော်မူသည်။" (ဗုခါရီနှင့် မွတ်စလင်မ်ကျမ်း) 
  ဒါကြောင့် ကျွန်တော်တို့ဟာ အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်ပြီး ကောင်းတဲ့ ထင်မြင်ချက် ထားရှိရမှာ ဖြစ်ပါတယ်။ ဒါမှသာ ကျွန်တော်တို့ရဲ့ ဘဝမှာ ကောင်းတဲ့အရာတွေ ပိုပြီး တွေ့ကြုံလာရမှာ ဖြစ်တယ်။ 
  စိတ်ကူးတွေနဲ့ ယုံကြည်ချက်တွေပဲရှိနေပြီး လက်တွေ့ မလုပ်လို့လည်း မရပါဘူး။ အတွေးတွေ၊ စိတ်ကူးတွေ၊ ယုံကြည်ချက်တွေကို ကောင်းမွန်အောင်ပြုစုပျိုးထောင်ပြီး သေချာအသုံးချတတ်မယ်ဆိုရင်တော့ လက်တွေ့ဘဝမှာ အများကြီးအကူအညီဖြစ်စေပါတယ်။ ကျွန်တော်တို့ဟာ ဘဝမှာ ကြုံတွေ့ရသမျှအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့၊ အပြုသဘောဆောင်တဲ့၊ စိတ်ကူးကောင်းတွေရစေမယ့် အတွေးတွေကိုပဲ ရွေးချယ်ပြီး‌ တွေးတတ်ဖို့ ကျင့်ယူရပါမယ်။ အဲဒီလို ကောင်းတဲ့အတွေးတွေ တွေးလေ၊ ကောင်းမွန်တဲ့ တုန့်ပြန်မှုတွေ ပြုလုပ်နိုင်လေ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းက ကျွန်တော်တို့အတွင်းမှာပဲ ရှိနေပါတယ်။ လိုက်ရှာနေစရာ မလိုပါဘူး။ ဒါကြောင့် စိတ်ဝိဉာဉ်နဲ့ နှလုံးသားကို ကြည်လင်သန့်စင်စွာ ထားပါ။ မိမိကိုယ်ကို ယုံကြည်မှုရှိပါ။ မိမိရဲ့ လုပ်နိုင်စွမ်းတွေကို ယုံကြည်ပါ။ မိမိရဲ့ ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်ကို အကြွင်းမဲ့ ယုံကြည်အားကိုးပါ။ အဲဒီလိုနေထိုင်ကြည့်လိုက်ပါ။ ကောင်းမွန်တဲ့ စိတ်ကူးစိတ်သန်းတွေ ရရှိပြီး သင့်ရဲ့ဘဝဟာ အကောင်းဘက်ကို ဦးတည်တဲ့ ပြောင်းလဲမှုတွေ ဖြစ်လာပါလိမ့်မယ်။ 
  ကောင်းမွန်တဲ့ အတွေးတွေတွေးတတ်ဖို့ က လေ့ကျင့်ယူရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝအတွေ့အကြုံတွေက ကျွန်တော်တို့ အတွေးတွေ ဖြစ်ပေါ်လာစေတဲ့ အရာတွေပါပဲ။ ဥပမာ- ကျွန်တော်အလုပ်ပြုတ်သွားတယ်ဆိုပါစို့။ မကောင်းမြင်စိတ်နဲ့တွေးရင် အဲဒါကကျွန်တော့်ရဲ့ ကိုယ်ကိုယ်ကို တန်ဖိုးထားမှုကို လျော့ကျသွားစေတယ်။ Self-esteem နည်းသွားတယ်။ "ငါကအလုပ်လုပ်တာ မတော်လို့၊ မကောင်းလို့ ပြုတ်တာ။ ငါ့ဘဝမှာ အောင်မြင်မှာ မဟုတ်တော့ဘူး" လို့ တွေးမိသွားမယ်။ ဒီနေရာမှာ အတွေးဖြစ်စဉ်တွေကို ပြောင်းလိုက်ဖို့ အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ အရေးကြီးပါတယ်။ အဲဒီလို ယုံကြည်တဲ့အခါ အတွေးတွေက အကောင်းဘက်ကို ဦးတည်သွားပါလိမ့်မယ်။ "ငါအလုပ်ပြုတ်တာက ငါ့ဘဝအတွက် စိန်ခေါ်မှုအသစ်တစ်ခုပဲ။ ငါ သင်ယူလေ့လာမှုတွေလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ဒီထက်တိုးတက်အောင်လုပ်ဖို့ အခွင့်အရေးပဲ။ ငါရဲ့ တခြားလုပ်နိုင်စွမ်းတွေကို ရှာတွေ့ဖို့ အခွင့်အရေးပဲ" လို့ အကောင်းဘက်က တွေးလိုက်ရင် အဲဒီသူဟာ စိတ်ဓာတ်ကျမနေတော့ဘဲ ပိုကောင်းအောင် ကြိုးစားသွားမှာ ဖြစ်တယ်။
  ကျရှုံးမှုနဲ့ ကြုံရတဲ့အခါမှာ ရပ်တန့်မသွားပါနဲ့။ နောက်တစ်ကြိမ်ကြိုးစားပြီး ကျရှုံးမှုကို အောင်မြင်မှုအဖြစ် ပြောင်းလိုက်ဖို့ အခွင့်အရေးက သင့်လက်ထဲမှာပါပဲ။ ဘာဖြစ်သွားလဲဆိုတာက အရေးမကြီးပါဘူး။ ဖြစ်သွားတဲ့အရာကို ဘယ်လိုတုန့်ပြန်မလဲဆိုတာကသာ အရေးကြီးတာပါ။ ကျွန်တော်တို့ဟာ အတွေ့အကြုံတွေကနေ သင်ယူပြီး မိမိရဲ့ စွမ်းရည်နဲ့ အလားအလာတွေကို ယုံကြည်ချက်ရှိနေရပါမယ်။ 
  ဘဝမှာ ကောင်းတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာဖို့အတွက် မိမိကိုယ်ကို သိရှိဖို့၊ မိမိကိုယ်ကို တန်ဖိုးထားတတ်ဖို့၊ စိတ်ကို ထားတတ်အောင် ကျင့်ယူဖို့ အလွန်အရေးကြီးပါတယ်။ အလ္လာဟ်အရှင်မြတ်က ကုရ်အာန်ကျမ်းတော်မြတ်မှာ အခုလို သင်ပြထားပါတယ်။
"...အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လူသားတစ်စု၏(ကောင်းမွန်သော) အခြေအနေကို သူတို့ကိုယ်တိုင် သူတို့၏အခြေအနေကို မပြောင်းလဲသမျှ ပြောင်းလဲတော်မမူပေ။" (ကုရ်အာန် ၁၃:၁၁)  
  သင်ကိုယ်တိုင်က လွဲပြီး သင့်ကို ဘယ်သူမှ သင့်ရဲ့ခံစားချက်တွေကို နာကျင်အောင်၊ ဝမ်းနည်းအောင် လုပ်လို့မရဘူးဆိုတာ မှတ်သားထားရပါမယ်။ ကိုယ့်ရဲ့အတွေးတွေကို ကိုယ်ကိုယ်တိုင်ကလွဲပြီး ဘယ်သူကမှ ထိန်းချုပ်လို့၊ ကန့်သတ်ထားလို့ မရပါဘူး။ အရှုံးတစ်ခုချင်းစီတိုင်းကနေ သင်ယူပါ။ ပြဿနာတစ်ခုချင်းစီတိုင်းကနေ သင်ခန်းစာယူပါ။ အလ္လာဟ်အရှင်မြတ်က သင့်အတွက် အကောင်းတွေကိုသာ အလိုရှိတော်မူတယ်ဆိုတာကို ယုံကြည်ထားပါ။ အလ္လာဟ်အရှင်မြတ်ရဲ့ လမ်းညွှန်မှုနဲ့ ကရုဏာတော်တံခါးက အမြဲဖွင့်ထားတော်မူတယ်ဆိုတာကို သတိရနေပါ။ ပြည့်စုံကောင်းမွန်တဲ့ ဘဝကို စိတ်ကူးပါ။ အဲဒီလိုစိတ်ကူးပြီး ယုံကြည်ချက်ရှိမယ်ဆိုရင် အဲဒီလိုဘဝကို ရရှိဖို့ အလိုလိုကြိုးစားနေတာကို သင်ကိုယ်သင်တွေ့မြင်လာရပါလိမ့်မယ်။ 
  ကောင်းမှုပြုလုပ်တဲ့သူတွေကို မကောင်းမှုနဲ့ စိတ်မချမ်းမြေ့စရာတွေကနေ ဖယ်ရှားပေးပြီး သာယာချမ်းမြေ့တဲ့ဘဝကို ရရှိစေတော်မူမယ်ဆိုတဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ ကတိတော်ကို နှလုံးသွင်းထားပါ။ 
  "မည်သူမဆို ငါအရှင်မြတ်၏ လမ်းမှန်ညွှန်ကြားပြသချက်အတိုင်း လိုက်နာခဲ့လျှင် ထိုသူသည် လမ်းမှားမည်လည်း မဟုတ်ပေ။ ထို့ပြင် နဖူးစာဆိုး ဒုက္ခရောက်မည်လည်း မဟုတ်ပေ။" ကုရ်အာန် (၂၀:၁၂၃)
  "ထို့ပြင် မည်သူမဆို ငါအရှင်မြတ်၏တရားတော်မှ မျက်နှာလွှဲခဲ့လျှင် အမှန်စင်စစ် ထိုသူတွင် ကျပ်တည်းသော အသက်မွေးဝမ်းကျောင်းမှု ရှိလိမ့်မည်။" ကုရ်အာန်(၂၀:၁၂၄)

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ