တမန်တော် မုဟမ္မဒ်(ﷺ)၏ကရုဏာထားတတ်ခြင်း နှင့် ခွင့်လွှတ်တတ်ခြင်း
“ကောင်းမှုနှင့် မကောင်းမှုတို့သည် တူညီသည်မဟုတ်၊ အသင်သည် ပိုကောင်းသောအရာဖြင့် တုံ့ပြန်ပါလေ…။” (ကုရ်အာန် ၄၁:၃၄)
တမန်တော်မုဟမ္မဒ်(ﷺ)ဟာ ၇ရာစု မှာ အာရေဗျကျွန်းဆွယ်ရဲ့ မြိုတစ်မြို့ဖြစ်တဲ့ မက္ကဟ်မြို့မှာ မွေးဖွား ကြီးပြင်းခဲ့ပါတယ်။ စီအီး၆၁၀ခုနှစ်၊ တမန်တော်မုဟမ္မဒ်(ﷺ) သက်တော် ၄၀ ဝန်းကျင်မှာ ဖန်ဆင်းရှင်က သူ့ရဲ့တမန်တော်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ သူဟာ သူ့ရဲ့လူတွေကို ဖန်ဆင်းရှင် တစ်ပါးတည်းကိုသာ ကိုးကွယ်ရတဲ့ ဘာသာတရားကို ကိုးကွယ်ယုံကြည်ကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အစပိုင်းမှာ၊ တမန်တော်မုဟမ္မဒ်(ﷺ)ဟာ တစ်ဦးချင်း တရားဟောပြောခဲ့ပြီး သူ့ရဲ့ အစောပိုင်း နောက်လိုက်တွေဟာ တိတ်တဆိတ် စုဝေးကြပါတယ်။ နောက်ဆုံးမှာ တမန်တော်မုဟမ္မဒ်(ﷺ)ဟာ သူ့ရဲ့ သတင်းစကားကို လူထုထံ ကြေညာလိုက်တဲ့အခါမှာတော့ သူနဲ့ သူ့ရဲ့ အစောပိုင်းနောက်လိုက်တွေဟာ ရန်လိုတဲ့ တုံ့ပြန်မှုတွေကို ကြုံတွေ့ကြရပါတော့တယ်။ မက္ကဟ်မြို့ရဲ့ ခေါင်းဆောင်တွေဟာ သူတို့ရဲ့ ပြိုင်ဖက်ယုံကြည်မှုတစ်ခုက သူတို့ရဲ့ အာဏာစက်ကို ခြိမ်းခြောက်လာတယ်လို့ မြင်ပြီး ထိန်းထားတဲ့ ဆူပူတိုက်ခိုက်မှုတွေကို လှုံ့ဆော်ခဲ့ ပါတယ်။ ဆယ်စုနှစ်တစ်ခုကျော်အထိ မွတ်စလင်မ်တွေဟာ ရိုက်နှက်ခြင်း၊ နှိပ်စက်ခြင်း၊ ထောင်ချခြင်း အချို့မှာသတ်ခံရသည်အထိ ပြင်းထန်တဲ့ နှိပ်စက်မှုတွေကို ခံစားခဲ့ကြရတယ်။ မက္ကဟ်မြို့ရဲ့ ခေါင်းဆောင်တွေဟာ မွတ်စလင်မ်တွေနဲ့ သူတို့ရဲ့ အုပ်စုတွေကို လူမှုရေးအရရော စီးပွားရေးအရပါ လုံးဝ ဖြတ်တောက် သပိတ်မှောက်ဖို့ သဘောတူညီချက် စာချုပ်ပင် ချုပ်ဆိုခဲ့ကြပါတယ်။ တမန်တော်မုဟမ္မဒ်(ﷺ)နဲ့ သူ့ရဲ့ နောက်လိုက်တွေဟာ အဲ့ဒီအခြေအနေတွေရဲ့ ဖိအားကြောင့် သူတို့ရဲ့ အိမ်တွေကို စွန့်ခွာပြီး မက္ကဟ်ရဲ့ မြို့အစွန်အဖျားတွေမှာ သွားရောက်အခြေချ နေထိုင်ကြရပါတယ်။ ကြမ်းတမ်းပြီး သီးနှံမဖြစ်ထွန်းတဲ့ သဲကန္တာရ လျှိုမြောင်တွေထဲမှာ အစာရေစာနဲ့ ဆေးဝါးများလည်း ဖြတ်တောက်ခံရပြီး သုံးနှစ်တိုင် ရုန်းကန် ရှင်သန်ခဲ့ကြရတယ်။ ဝမ်းနည်းခြင်းရဲ့နှစ်များလို့ ခေါ်တဲ့နှစ်မှာ တမန်တော်မုဟမ္မဒ်(ﷺ)ရဲ့ ဦးရီးတော် အဘူသွာလိဗ် ဆုံးပါးသွားခဲ့ပါတယ်။ အစ္စလာမ်ရဲ့ မဟာရန်သူ၊ တမန်တော်ရဲ့ အခါးသီးဆုံး ရန်သူ အဘူလဟဗ်ဟာ အဘူသွာလိဗ်ရဲ့ ခေါင်းဆောင်ရာထူးကို အစားထိုး ဝင်ရောက် လိုက်ပါတယ်။ အစောပိုင်း မွတ်စလင်မ်အဖွဲ့အစည်းကို နှိပ်စက်မှုတွေဟာ စီအီး၆၂၂ခုနှစ်နောက်ပိုင်းမှာ ပိုပြီး ဆိုးလာခဲ့ပါတယ်။ ဆယ်စုနှစ်တစ်ခုနဲ့ တစ်ဝက်ကြာ လောက် ခံစားရပြီးတဲ့နောက်မှာ တမန်တော်မုဟမ္မဒ်(ﷺ)နဲ့ သူ့ရဲ့ နောက်လိုက်တွေဟာ ရန်သူတို့ရဲ့ နှိပ်စက်မှုတွေကနေ လွတ်ကင်းဖို့ မွေးရပ်မြေမက္ကဟ်မြို့တော်ကို စွန့်ခွာခဲ့ကြရပါတော့တယ်။ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ၊ ဥစ္စာပစ္စည်းတွေကိုလည်း ချန်ရစ်ထား ခဲ့ရပြီး ရန်သူတွေက သိမ်းယူလိုက်ကြပါတယ်။
သူတို့ဟာ မဒီနဟ်မြို့တော်ကို ဘေးကင်းစွာ ရောက်ရှိခဲ့ကြပါတယ်။ ထိုမြို့မှာ အစောပိုင်းမွတ်စလင်မ်တို့ ပြန်လည် ပေါင်းစည်းခဲ့ကြပြီး နောက်ဆုံးမှာ ကြီးပွားတိုးတက် လာခဲ့ကြပါတယ်။ ရန်သူတွေရဲ့ နှိပ်စက်မှုကလည်း နောက်ဆုံးမှာ အဆုံးသတ်သွားရ ပါတယ်။ နောက်ထပ် ဆယ်နှစ်အတွင်းမှာတော့ မက္ကဟ်ရဲ့အုပ်စုတွေက မွတ်စလင်မ် တွေကို စစ်ပွဲများစွာ တိုက်ခိုက်ခဲ့ပါတယ်။ စီအီး ၆၂၉ ခုနှစ်မှာ မက္ကဟ်မြို့သားတွေဟာ မွတ်စလင်မ်တွေနဲ့ နှစ်ဖက်သဘောတူ ငြိမ်းချမ်းရေး စာချုပ်တစ်ခုကို ချိုးဖောက်ခဲ့ပါတယ်။ အဲ့ဒီအခါ တမန်တော်မုဟမ္မဒ်(ﷺ)ဟာ စစ်သည်တော် တစ်သောင်းပါဝင်တဲ့ မွတ်စလင်မ် တပ်ကို ဦးဆောင်ကာ စွန့်ခွာထားရစ်ခဲ့ရတဲ့ မွေးရပ်မြို့တော် မက္ကဟ်ကို ဆယ်စုနှစ်တစ်ခု အကြာမှာ အောင်မြင်စွာ ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ ဒီသမိုင်းဝင်ဖြစ်ရပ်ဟာ မက္ကဟ်ကို အောင်နိုင်ခြင်းလို့ အမည်ရပါတယ်။ မက္ကဟ်ကို မဝင်ရောက်မီ တမန်တော်မုဟမ္မဒ်(ﷺ)က သူ့ရဲ့တပ်သားတွေကို သူတို့ကိုအရင် ဓားဆွဲတိုက်ခိုက်လာသူကိုပဲ ပြန်လည်တိုက်ခိုက်ဖို့ မှာကြားခဲ့ပါတယ်။ သူတို့ကို မက္ကဟ်မြို့သားတွေရဲ့ ရွှေ့လိုရတဲ့ ပစ္စည်းရော၊ ရွှေ့လို့မရတဲ့ ပစ္စည်းရောကို မထိကြဖို့၊ ဘာကိုမှ မဖျက်ဆီးဖို့လည်း မှာကြားခဲ့ပါတယ်။
မွတ်စလင်မ်တပ်တွေဟာ မြို့ထဲကို ငြိမ်းချမ်းစွာ ဝင်ရောက်ခဲ့ပါတယ်။ ဘယ်အိမ်မှ ဓားပြတိုက်ခြင်း မခံခဲ့ရသလို ဘယ်အမျိုးသား၊ အမျိုးသမီးတစ်ယောက်မှလည်း အန္တရာယ် မပြုခံခဲ့ရပါဘူး။ ၎င်းနောက် တမန်တော်ဟာ သူတို့ကိုဘာလုပ်မလဲ ကြောက်ရွံ့ ထိန့်လန့်နေတဲ့ ရှုံးနိမ့်သူတွေရဲ့ အရှေ့ကို သွားခဲ့တယ်။ မက္ကဟ်မြို့သားတွေဟာ ထိန့်လန့်နေခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ အာရဗ်တွေဟာ လက်တုန့်ပြန်လေ့ ရှိကြတယ်။ သူတို့ရဲ့ဓလေ့က လက်စားချေ သတ်ဖြတ်လေ့ ရှိကြတယ်။ သူတို့ထဲက အများစုဟာ အာရဗ်တို့ရဲ့ ထုံးစံအတိုင်း တမန်တော်ဟာ အပြစ်ပေးမှုတစ်ခုခု လုပ်တော့မယ်လို့ မျှော်လင့်နေကြတယ်။ ပြီးတော့ တမန်တော်မုဟမ္မဒ်(ﷺ)ထံမှာ အပြစ် ပေးနိုင်တဲ့ အခွင့်အာဏာလည်း ရှိနေခဲ့တယ်။ သို့ပေမယ့် အပြစ်ပေးမယ့်အစား တမန်တော်မုဟမ္မဒ်(ﷺ)ဟာ မက္ကဟ်မြို့သူမြို့သား အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်။ သူတို့ကိုပြောခဲ့တယ် “သင်တို့ကို ကျွန်ုပ် ဘာလုပ်သင့်သလဲ?” အဲဒီအခါသူတို့က “ကောင်းတာသာ လုပ်ပါ၊ သင်ဟာ ရက်ရောတဲ့ ညီအစ်ကိုဖြစ်ပြီး ရက်ရောတဲ့ ညီအစ်ကိုရဲ့ သားတော်ဖြစ်တယ်” လို့ပြောကြပါတယ်။ အဲဒီအခါ ဖန်ဆင်းရှင်ရဲ့ တမန်တော်က သူတို့ကို “သွားကြကုန်၊ သင်တို့ကို လွတ်လပ်ခွင့် ပေးလိုက်ပြီ”လို့ ပြောခဲ့ပါတယ်။ တမန်တော်မုဟမ္မဒ်(ﷺ)ဟာ သူနဲ့သူ့ရဲ့ အပေါင်းအပါ တွေကို နှစ်ပေါင်းများစွာ နှိပ်စက်ခဲ့တဲ့ သူတွေအားလုံးကို လက်စားခြေလိုက်လို့ ရပါတယ်။ သို့ပေမယ့် သူတို့ကို ခွင့်လွှတ်ပေးခဲ့ပြီး ကုရ်အာန်ရဲ့ ကျမ်းစာပိုဒ်ကို ရွတ်ဖတ်နေခဲ့ပါတယ် “ယနေ့ သင်တို့အပေါ် မည်သည့် အပြစ်တင်မှုမျှ မရှိတော့ပြီ။ အလ္လာဟ်သည် အသင်တို့အား ခွင့်လွှတ် ချမ်းသာပေးတော်မူပါစေ။ အရှင်မြတ်သည် သနားကြင်နာသူ အပေါင်းတို့တွင် အသနားအကြင်နာဆုံး အရှင်ဖြစ်သည်။”( ကုရ်အာန် ၁၂:၉၂)
တမန်တော်မုဟမ္မဒ်(ﷺ)ဟာ မိမိအရေးကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ လက်စားမချေခဲ့ပါဘူး။ ပြီးတော့ သူ့ရဲ့ရန်သူတွေကိုတောင် ခွင့်လွှတ်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အားနည်းနေတဲ့အချိန် တခြားရွေးချယ်စရာမရှိတဲ့ အခြေအနေမှာ ခွင့်လွှတ်နိုင်ပေမယ့် ကျွန်တော်တို့အပေါ် ရက်စက်ခဲ့တဲ့ ရန်သူတွေ၊ ဖိနှိပ်သူတွေထက် အသာစီးရပြီး လက်စားချေ တုန့်ပြန်နိုင်တဲ့အချိန်မှာ ခွင့်လွှတ်ဖို့က အင်မတန် ခက်ခဲပါတယ်။ ဒါဟာ ရန်သူတွေရဲ့ နှလုံးသားထဲက အမုန်းတရားကို ချစ်ခင်မှုအဖြစ် ပြောင်းလဲပေးနိုင်တဲ့ တမန်တော်မုဟမ္မဒ်(ﷺ)ရဲ့ လှပတဲ့ အရည်အချင်များစွာထဲက တစ်ခုပဲ ဖြစ်ပါတယ်။