စိုးရိမ်သောကတွေကင်းအောင် ဘယ်လို နေထိုင်ကြမလဲ?

 

စိုးရိမ်သောကတွေကင်းအောင် ဘယ်လို နေထိုင်ကြမလဲ?

"စိုးရိမ်သောက လွန်ကဲခြင်းက လူရဲ့ခန္ဓာကိုယ်ကို ထိခိုက်စေတယ်"လို့ အိမာမ် ဇဟဘီက ဆိုခဲ့ပါတယ်။ 
  စိုးရိမ်ကြောင့်ကြမှုတွေ၊ စိတ်ပူပန်မှုတွေ၊ စိတ်သောကတွေက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို အဆိပ်အတောက် ဖြစ်စေပါတယ်။ 
ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင် လူတစ်ယောက် စိုးရိမ်သောက ဖြစ်တဲ့အခါ သူ့ရဲ့ခန္ဓာကိုယ်က adrenalin လို့ခေါ်တဲ့ ဟော်မုန်းတွေ ထုတ်ပါတယ်။ မဖြစ်လာသေးတဲ့၊ ဖြစ်မှာ၊မဖြစ်မှာ မသေချာတဲ့ အဆိုးတွေကိုပဲတွေးပြီး နေ့စဉ်ဘဝမှာ ဆက်တိုက် စိုးရိမ်သောကတွေနဲ့ နေနေမယ်ဆိုရင် ခန္ဓာကိုယ်က stress ဟော်မုန်းတွေ ဆက်တိုက်ထုတ်နေမှာဖြစ်တယ်။ အဲဒီဟော်မုန်းတွေ စုပုံလာတဲ့အခါ အစာခြေစနစ်အလုပ်လုပ်တာ နှေးသွားတာ၊ သွေးတွင်းသကြားဓာတ်များတာ၊ နှလုံးခုန်မြန်တာ၊ သွေးတိုးတာ စတာတွေကို ဖြစ်စေပါတယ်။


ဒီတော့ စိုးရိမ်သောက ကင်းအောင်ဘယ်လို နေကြမလဲ? 
စိုးရိမ်သောကတွေနဲ့ စိတ်ဖိစီးမှုတွေကနေ ကင်းအောင်နေဖို့ ကုရ်အာန်ကျမ်းတော်မြတ်နဲ့ တမန်တော်မုဟမ္မဒ်(ဆွ)ရဲ့ စွန္နဟ်မှာ နည်းလမ်းတွေများစွာ သင်ပြထားပါတယ်။ 
  အလ္လာဟ်အရှင်မြတ်မှလွဲပြီး တစ်ခြား ဘယ်သူ၊ ဘယ်အရာကိုမှ မကြောက်ရွံ့ခြင်း၊ ခဏတာနေထိုင်ရမယ့် ဒီလောကရဲ့ စိုးရိမ်ကြောင့်ကျမှုတွေကို စွန့်လွှတ်ခြင်း နဲ့ လောကီစည်းစိမ်တွေကို မခင်တွယ်ခြင်းက သင့်ရဲ့စိတ်ကို လွတ်လပ်ပေါ့ပါးစေပါလိမ့်မယ်။ ဒီလောကမှာ ဘယ်အရာမျှ မတည်မြဲကြောင်း အလ္လာဟ်အရှင်မြတ်က ကုရ်အာန် ကျမ်းတော်မြတ်မှာ သတိပေးထားပါတယ်။ 
"အသင်တို့သည် သိထားကြပါ။ လောကီဘဝသည် ကစားခုန်စားမှုသက်သက်၊ အလဟဿ အချိန်ဖြန်းတီးမှု၊ မျက်စိပသာဒအတွက် လှပတင့်တယ်မှု၊ အချင်းချင်းဝါကြွား ဂုဏ်ပြိုင်ခြင်း၊ ပစ္စည်းဥစ္စာနှင့် သားသမီးပေါများမှုတွင် ဂုဏ်ပြိုင်ခြင်းများပင်ဖြစ်သည်။ အကြင်မိုးရေပမာပင်ဖြစ်သည်။ ထိုမိုးရေကြောင့် ပေါက်ရောက်သောအပင်များသည် တောင်သူလယ်သမားများအား နှစ်သက်ပျော်ရွှင်စေသည်။ ထို့ပြင် ထိုအပင်များသည် ခြောက်သွေ့သွားသည့်အခါ အသင်သည် ထိုအပင်များအား ဝါနေသည်ကို တွေ့မြင်ရ သည်။ ထို့နောက် ထိုအပင်များသည် အစိတ်စိတ်အမွှာမွှာ ကြေမွသွားတော့သည်။" ကုရ်အာန် (၅၇:၂၀)
  ကျွန်တော်တို့လောကီသက်တမ်းရဲ့ အဓိကရည်ရွယ်ချက်က အလ္လာဟ်အရှင်မြတ်ရဲ့ ကျေနပ်နှစ်သက်မှုကို ရရှိဖို့မဟုတ်လား? အမြဲနေရမယ့်နောင်တမလွန်မှာ ထာဝရပျော်ရွှင်မှုကို ရရှိဖို့ ကျွန်တော်တို့ ကြိုးစားရပါမယ်။ တမန်တော်မြတ်(ဆွ)က ဆုံးမခဲ့ပါတယ် "အလ္လာဟ်အရှင်မြတ်သည် လောကီရေးရာကို အဓိကထား စိုးရိမ်ပူပန်သူအတွက် ဆင်းရဲမှုကို သူ၏မျက်စိရှေ့ ယူဆောင်လာလိမ့်မည်။ လောကတွင် ရရှိမည့် စည်းစိမ်သည် သတ်မှတ်ထားပြီးဖြစ်၍ သတ်မှတ်ထားသည့်ခန့်သာရရှိမည်။ နောင်တမလွန်အတွက် အဓိကထားစိုးရိမ်သူအား သူ၏စိတ်နှလုံးကို ချမ်းသာကြွယ်ဝစေလိမ့်မည်။ လောကီစည်းစိမ်သည်လည်း ထိုသူ့ထံသို့ အလိုလိုရောက်ရှိလာစေလိမ့်မည်။" (သိရ်မိဇီကျမ်း)
  ဝမ်းနည်းပူဆွေးမှုနဲ့ စိုးရိမ်ပူပန်မှုတွေအတွက် ကုသနည်းက အလ္လာဟ်အရှင်တစ်ပါးတည်းအပေါ်မှာသာ မှီခိုအားကိုးခြင်းပါပဲ။ အလ္လာဟ်အရှင်မြတ်ဟာ တရားမျှတမှု အရှိဆုံး အရှင်ဖြစ်တာကြောင့် အလ္လာဟ့်အလိုတော်နဲ့ ဖြစ်လာတဲ့ကိစ္စတိုင်းမှာ ကျွန်တော်တို့အတွက် သင်ခန်းစာနဲ့ အရှင်မြတ်ရဲ့သက်ညှာမှု ရှိတယ်ဆိုတာကို သတိရှိရပါမယ်။ ကျွန်တော်တို့ ချက်ချင်းမမြင်နိုင်ပေမယ့် အချိန်တစ်ခုရောက်တဲ့အခါ ကျွန်တော်တို့အတွက် ကောင်းဖို့ ဖြစ်လာတာကို သိရပါတယ်။

  ကုရ်အာန်ကျမ်းမြတ်ဟာ ကျွန်တော်တို့ဘဝတစ်လျှောက်လုံး အမြဲအဖော်ပြုရမယ့် စိတ်အေးချမ်းရာ ဖြစ်ပါတယ်။ အထူးသဖြင့် စိတ်သောကရောက်နေချိန်တွေမှာ ကုရ်အာန်ကျမ်းမြတ် ရွတ်ဖတ်ခြင်းက စိတ်သက်သာရာ ရစေပါတယ်။ ဆွလာသ်ဝတ်ပြုခြင်း၊ အလ္လာဟ်အရှင်မြတ်ထံ ဒုအာ တောင်းခံခြင်းတို့ဟာလည်း စိုးရိမ်သောကတွေကနေ ကင်းဝေးစေတဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။

  အိဗ်နု အလ်-ကိုင်ယ်ယိမ်က အကြံပြုခဲ့ပါတယ်။ ဝမ်းနည်းမှုနဲ့ စိတ်သောကတွေ ပြင်းထန်လာတဲ့အခါတိုင်း "လာဟောင်ဝ်လာ ဝလာကုဝ်ဝသ အိလ္လာ ဗိလ္လာဟိလ် အလီယိလ် အဇွီးမ်" (အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သူ့ထံတွင်မှ စွမ်းအားမရှိပါ) ဟုရွတ်ဖတ်ကြပါ။

ကုရ်အာန်ကျမ်းတော်မြတ်တွင် အလ္လာဟ်အရှင်မြတ်က လူသားကို ဖန်ဆင်းထားပုံနှင့် ပတ်သက်ပြီး ဤသို့ လာရှိထားပါတယ်။ 
"အမှန်စင်စစ် လူသားသည် စိတ်လောသူအဖြစ် ဖန်ဆင်းခြင်းခံခဲ့ရသည်။ သူသည်ဒုက္ခရောက်လျှင် အလွန်သည်းမခံနိုင်သူဖြစ်သည်။" ကုရ်အာန် (၇၀:၁၉-၂၀)

အထက်ကဖော်ပြထားသလို စိတ်အခြေအနေတွေကနေ လွတ်မြောက်နိုင်မယ့်နည်းလမ်းတွေကိုလည်း ကုရ်အာန်ကျမ်းမြတ်မှာ ဖော်ပြထားပါတယ်။

ဆွလာသ်ဝတ်ပြုခြင်း
"သို့ရာတွင်  စွလာသ်ဝတ်ပြုသူများကမူ (ထိုသို့မဟုတ်ကြပေ)။ထိုသူများသည် သူတို့၏ စွလာသ် ဆောက်တည်မှုပေါ်တွင် စွဲမြဲစွာရှိကြသည်။" ကုရ်အာန် (၇၀:၂၂-၂၃)

အလှူဒါနပေးဆောင်ခြင်း
"ထို့ပြင် ထိုသူများသည် သူတို့၏ပစ္စည်းဥစ္စာများထဲတွင် သိရှိသတ်မှတ်ထားသော အခွင့်အရေးရှိသည်။ တောင်းစားသည့်သူအတွက်နှင့် မတောင်းဘဲ(သိက္ခာစောင့်စည်း)နေသူအတွက်။" ကုရ်အာန် (၇၀:၂၄-၂၅)

နောင်တမလွန်ကို ယုံကြည်ခြင်း
"ထို့ပြင် ထိုသူများသည် ကောင်းကျိုးဆိုးကျိုးအစားပေးတော်မူမည့်နေ့ကို ယုံကြည်ကြသည်။" ကုရ်အာန် (၇၀:၂၆)

အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ခြင်း
"ထို့ပြင် ထိုသူများသည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ အပြစ်ဒဏ်ကို ကြောက်ရွံ့စိုးရိမ်နေကြသည်။" ကုရ်အာန် (၇၀:၂၇)

မကောင်းမှုများမှ ရှောင်ကြဉ်ထိန်းသိမ်းခြင်း
"ထို့ပြင် ထိုသူများသည် သူတို့၏အရှက်အင်္ဂါများကိုလည်း ထိန်းသိမ်းကြသည်။" ကုရ်အာန် (၇၀:၂၉)

မှန်ကန်ဖြောင့်မတ်ခြင်း
"ထိုသူများသည် သူတို့ ယုံကြည်လွှဲအပ်ခြင်းခံကြရခြင်းများနှင့်သူတို့၏ ကတိ၀န်ခံချက်များကို စောင့်စည်းထိန်းသိမ်းသူများဖြစ်ကြသည်။" ကုရ်အာန် (၇၀:၃၂)

  ဒါကြောင့် စိုးရိမ်ကြောင့်ကျမှုနဲ့ စိတ်သောကတွေ ကင်းဝေးစေဖို့ နေ့စဉ်ဆွလာသ်ငါးကြိမ်ကို ဂရုတစိုက် ဝတ်ပြုကြပါ၊ ဆွဒကဟ်အလှူဒါနပေးဆောင်ကြပါ၊ အလ္လာဟ်အရှင်မြတ်၏တရားမျှတစွာစီရင်မှုကို ယုံကြည်၍နေပါ။ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ကြောက်ရွံ့ကြပါ။ မကောင်းမှုများမှ ရှောင်ကြဉ်ပြီး ကောင်းမှုများ ပွားများကြပါ။ ကတိတည်၍မှန်ကန်ဖြောင့်မတ်ကြပါ။ ကုရ်အာန်ကျမ်းတော်မြတ်ကို အဓိပ္ပာယ်နဲ့တကွ ဖတ်၍ ဆင်ခြင်မှုပြုပါ။ ဒီလောကဟာ အမြဲနေရမယ့်နေရာမဟုတ်ကြောင်း နှလုံးသွင်းပြီး လောကီခင်တွယ်မှုများကို လျှော့ချပါ။ အမြဲထာဝရနေထိုင်ရမယ့် တမလွန်မှာ ပျော်ရွှင်ဖို့ အရှင်မြတ်ရဲ့ ကျေနပ်နှစ်သက်မှုရဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ