ကိုယ့်ကို ဖန်ဆင်းရှင်က ချီးမြင့်ထားတဲ့အရာတွေ၊ ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေ၊ ဘဝမှာ မကြာခဏရရှိတတ်တဲ့ လက်ဆောင်တွေကို တန်ဖိုးထားပြီး ကောင်းမွန်စွာ အသုံးချရမှာ ဖြစ်ပေမယ့် ထိုအရာများအပေါ် အစွဲအလမ်း မကြီးမိဖို့ သတိထားရပါမယ်။ မိမိတို့ရဲ့ စိတ်ဝင်စားမှုက ဥစ္စာပစ္စည်းပိုင်ဆိုင်မှုတွေပေါ်မှာပဲ ရှိမနေသင့်ပါဘူး။ အပြင်ပန်း ပိုင်ဆိုင်မှုတွေကပဲ မိမိရဲ့ ပျော်ရွှင်မှု၊ စိတ်ကျေနပ်မှုနဲ့ အောင်မြင်မှုကို တိုင်းတာတဲ့ အရာတွေ မဖြစ်သင့်ပါဘူး။
ဥစ္စာပစ္စည်းနဲ့ ပတ်သက်ပြီး အသင်ဟာ ပိုပြီး ရက်ရောတာနဲ့အမျှ အလ္လာဟ်အရှင်မြတ်က အသင့်ကိုပိုပြီး ချီးမြင့်တော်မူမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မိမိတို့ရဲ့ပိုင်ဆိုင်မှုတွေကို ဂရုမစိုက်ဘဲ အကုန်ပေးလှူလိုက်ကာ လျစ်လျူရှုနိုင်ပြီဆိုပြီး ကိုယ့်ကိုယ်ကိုအားရကျေနပ်နေဖို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဘဝမှာ ဦးစားပေးရမယ့်အရာတွေကို အာရုံစိုက်ဖို့ ဆိုလိုတာဖြစ်ပါတယ်။ လောကမှာ ချီးမြင့်ခံထားရတဲ့အရာတွေက အရှင်မြတ်ထံမှ စမ်းသပ်မှုများသာ ဖြစ်ပါတယ်။ ဥစ္စာပစ္စည်းဖြစ်စေ၊ လူတစ်ဦးတစ်ယောက်ကို ဖြစ်စေ၊ နောက်ဆုံး ကိုယ့်ရဲ့ကျန်းမာရေးကိုပင် အမြဲထိန်းချုပ်ထားနိုင်စွမ်း ကျွန်တော်တို့မှာ မရှိပါဘူး။ ငွေကြေး၊ ဥစ္စာပစ္စည်းနှင့် လူတို့ကို ခင်တွယ်လွန်းပါက စိတ်လုံခြုံမှုရရှိမည်မဟုတ်သည့်အပြင် အရှင်မြတ်ချီးမြှင့်ထားတော်မူသော မရေမတွက်နိုင်သည့် လက်ဆောင်များကို တန်ဖိုးထားဖို့ မေ့လျော့သွားစေတတ်ပါတယ်။
ကျွန်တော်တို့ တကယ် ဦးစားပေးရမှာက ထာဝရနေရမည့် နောင်မလွန်အတွက်ဖြစ်ကြောင်း ကုရ်အာန်က သတိပေးထားပါတယ်။
"လောကီဘဝ၏ ခမ်းနားထည်ဝါမှုအဖြစ် အကျိုးခံစားစေတော်မူခဲ့သော ပစ္စည်းဥစ္စာများဘက်သို့ အသင်၏မျက်စိနှစ်လုံးဖြင့် လုံးဝ မော်၍ပင် မကြည့်ပါနှင့်။ ငါအရှင်မြတ်သည် ထိုအရာများနှင့် သူတို့အား စမ်းသပ်တော်မူရန်အတွက်ပင်ဖြစ်သည်။ ထို့ပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ စားနပ်ရိက္ခာသည် အကောင်းဆုံးနှင့် အတည်မြဲဆုံးဖြစ်သည်။" (ကုရ်အာန် ၂၀:၁၃၁)
"ပစ္စည်းဥစ္စာများနှင့် သားသမီးများသည် ဤဘဝ၏လှပတင့်တယ်မှုများပင်ဖြစ်သည်။ ထို့နောက် အမြဲတည်တံ့နေမည့် ကောင်းမြတ်သည့်လုပ်ရပ်များကမူ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်၌ အကျိုးအနေဖြင့်လည်း အကောင်းဆုံးဖြစ်သည်။ မျှော်လင့်ချက်အနေဖြင့်လည်း အကောင်းဆုံးပင်ဖြစ်သည်။" (ကုရ်အာန် ၁၈:၄၆)
"ရှိုင်သွာန်သည် အသင်တို့အား ဆင်းရဲမှုနှင့် ခြိမ်းခြောက်သည်၊ ၎င်းပြင် အရှက်မရှိသည့်အရာများကို ပြုလုပ်ရန် အသင်တို့အား ညွှန်ကြားသည်။ အရှင်မြတ်ကမူ အသင်တို့အား လွတ်ငြိမ်းချမ်းသာခွင့်အပြင် အကျိုးကျေးဇူးများကိုပါ အသင်တို့အား(ပေးသနားရန်) ကတိပြုတော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသိဉာဏ်ပညာနှင့် ကရုဏာကျယ်ဝန်းလျက် အရာအားလုံးကို ဝန်းခြုံထားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။" (ကုရ်အာန် ၂:၂၆၈)
အစွဲအလမ်းမထားခြင်းက အစ္စလာမ်ရဲ့ အနှစ်သာရဖြစ်ပါတယ်။ မိမိကိုယ်ကိုရော၊ မိမိပိုင်ဆိုင်သမျှကိုရော အလ္လာဟ်အရှင်မြတ်ထံ အပြည့်အဝ အပ်နှံထားခြင်း ဖြစ်ပါတယ်။ အလ္လာဟ်သာလျှင် သက်ရှိခပ်သိမ်းကို ထောက်ပံ့နေတော်မူသောအရှင်၊ အရာအားလုံးအပေါ် လွှမ်းမိုးနိုင်စွမ်းရှိတော်မူသောအရှင်ဖြစ်ကြောင်း ယုံကြည်ထားရပါမယ်။ အရှင်မြတ်ရဲ့ စီရင်ဆုံးဖြတ်ချက်တိုင်းမှာ လူသားတို့ထက်ပိုလွန်တဲ့ အမြော်အမြင်တွေ ရှိပါတယ်။ ဒါကြောင့် မိမိပိုင်ဆိုင်မှုများအတွက် စိတ်ဖိစီးမနေဘဲ အရှင်မြတ်ကိုသာ ယုံပုံလွှဲအပ်ထားပါလေ။ လောကမှာနေထိုင်စဉ် စိတ်ကိုအေးအေးထားပြီး အခြေအနေတိုင်းမှာ အကောင်းဆုံးကြိုးစားပြီး နေထိုင်ကြပါလေ။