မျှော်လင့်ချက်ရှိပါ... အကောင်းမြင်ပါ
လွန်ခဲ့တဲ့နှစ်အနည်းငယ်ကနေ အခုထိ ကမ္ဘာကြီးမှာ ရောဂါကပ်ဆိုးတွေ၊ သဘာဝဘေးအန္တရာယ်တွေ၊ ဆိုးရွားတဲ့ စစ်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတယ်။ လူတွေလည်း ထောင်နဲ့ချီပြီး သေတယ်။ စီးပွားရေးတွေကျဆင်းနေတယ်။ လူငယ်တွေရဲ့ အိပ်မက်တွေ ပျက်စီးနေရတယ်။ အဆိုးဆုံးတွေထဲ ကျွန်တော်တို့ နိုင်ငံလည်း အပါအဝင်ဖြစ်ပါတယ်။ ဒီအခက်အခဲတွေကို အချိန်အကြာကြီး ရင်ဆိုင်ရတာက ငြီးငွေ့စရာကောင်းတာ အမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဘယ်လို တုန့်ပြန်မလဲ ကျွန်တော်တို့ ရွေးချယ်လို့ ရပါတယ်။
ဥပမာ - လူနှစ်ယောက်၊ သူတို့နှစ်ယောက်စလုံးရဲ့ မိသားစုတွေရော၊ အိမ်တွေ၊ ကားတွေ၊ ပိုင်ဆိုင်မှုတွေအားလုံးရော ရေကြီးတဲ့ထဲ မျောသွားတယ်။ သူတို့ထဲက တစ်ယောက်က ယုံကြည်သူဖြစ်ပြီး မျှော်လင့်ချက်ရှိတဲ့သူဖြစ်တယ်။ နောက်တစ်ယောက်ကတော့ ယုံကြည်သူမဟုတ်ဘူး။ ဒီအခြေအနေမှာ နှစ်ယောက်စလုံးကတော့ အင်မတန် ကြေကွဲဝမ်းနည်း နေကြမှာပါပဲ။ ယုံကြည်သူတစ်ယောက်အနေနဲ့ သူမှာရှိတဲ့အရာတွေအားလုံးက အလ္လာဟ့်ထံကဖြစ်ပြီး အလ္လာဟ့်အလိုရှိတဲ့အချိန်မှာ ပြန်လည်သိမ်းယူသွားနိုင်တယ်ဆိုတာ သိတယ်။ ဖြစ်ပျက်သမျှ ကိစ္စတိုင်းက ဘယ်လောက်ပဲ နာကြင်ရပါစေ... တန်ဖိုးရှိတဲ့ လေးနက်တဲ့ သင်ခန်းစာတွေ ယူလာမယ်ဆိုတာ သူသိနေတယ်။ ပြီးတော့ သူဟာ ဒီလောကရဲ့ ပိုင်ဆိုင်မှုတွေကို မက်မောသူမဟုတ်ဘူး။ ဘဝဆိုတာ စမ်းသပ်မှုတစ်ခုပဲ၊ အလ္လာဟ်အရှင်မြတ်ညွှန်ကြားထားတဲ့အတိုင်းလျှောက်လှမ်းရင် အဆုံးသတ်မှာ ပျော်ရွှင်ရမှာပဲဆိုတာ သူသိတယ်။ ဒီလောကမှာ အစားမရရင်တောင် နောင်တမလွန်မှာ ပိုကောင်းတဲ့အစားရမယ်ဆိုတာ သူ့မှာ မျှော်လင့်ချက်ရှိတဲ့အတွက် သူဟာ အခက်အခဲတွေကို စိတ်ရှည်သည်းခံပြီး ဖြတ်ကျော်နိုင်တယ်။
ဒါပေမယ့် ယုံကြည်သူမဟုတ်တဲ့သူကတော့ သူဟာကံဆိုးလှလေခြင်းဆိုပြီး ညည်းတွားနေတယ်။ သူ့ဘဝမှာ ရင်ဆိုင်ရတဲ့အခက်အခဲတွေက သူ့အတွက် ဘာအဓိပ္ပာယ်မှမရှိ၊ ဒုက္ခတွေသပ်သပ်ပဲ။ နောင်တမလွန်မှာ အစားရမှာကိုလည်း သူမယုံကြည်ဘူး။ ဒါကြောင့်သူဟာ စိတ်ဓာတ်ကျပြီး ဘဝကို ခါးသီးနေလိမ့်မယ်။
လူတစ်ယောက်မှာ မျှော်လင့်ချက်ရှိခြင်းနဲ့ အကောင်းမြင်တတ်ခြင်းက ထိုသူ့ရဲ့ ယုံကြည်ချက်ခိုင်မာမှုပေါ်အများကြီး မူတည်နေပါတယ်။ အရှင်မြတ်ကို ယုံကြည်သူတစ်ယောက်အတွက် အခက်အခဲတွေ၊ ဘေးဒုက္ခတွေရင်ဆိုင်ရတာက အလ္လာဟ်အရှင်မြတ်အပေါ် သူထားတဲ့ ယုံကြည်အားကိုးမှု၊ နာခံပုံအပ်ထားမှုကို ပိုပြီးတိုးလာစေတာပါပဲ။ အဲဒီလို လူတွေက အခက်အခဲတွေကြားရောက်နေလည်း စိတ်အေးချမ်းမှု ရှိနေတယ်။ ဥပမာအနေနဲ့ ဂါဇာက ကျွန်တော်တို့ရဲ့ ပါလက်စတိုင်း ညီအကိုမောင်နှမတွေကို ကြည့်လို့ရပါတယ်။ ယနေ့ကမ္ဘာမှာ အဆိုးရွားဆုံး အခက်အခဲတွေသူတို့ရင်ဆိုင်နေရပေမယ့်လည်း ဒါတွေက သူတို့အတွက် စမ်းသပ်မှုတွေလို့ မြင်ပြီး အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်နေကြတယ်။ အလ္လာဟ်ဆီကပဲ အကူအညီတောင်းခံနေကြတယ်။
"သူတို့သည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့လျက်၊ မျှော်လင့်လျက်နှင့် ဟစ်ခေါ်တသကြသည်။" (ကုရ်အာန် ၃၂:၁၆-၁၇)
ယုံကြည်သူတစ်ယောက်ရဲ့ဘဝမှာ ဖြစ်ပျက်သမျှဟာ အကောင်းချည်းသာ ဖြစ်တယ်။ ဘာကြောင့်ဆို အလ္လာဟ်အရှင်မြတ်ဟာ သူ့ရဲ့ကျေးကျွန်အတွက် အကောင်းဆုံးကိုသာ လိုလားတော်မူတယ်။ အခက်အခဲတိုင်းအတွက်ကိုလည်း အစားပေးတော်မူမှာဖြစ်တယ်။
"အလ္လာဟ်အရှင်မြတ်က ကျွန်ုပ်တို့နှင့်ပတ်သက်ပြီး သတ်မှတ်တော်မူခဲ့သည်မှလွဲ၍ အခြားမည်သည့်အရာကိုမျှ ကျွန်ုပ်တို့၌ လုံးဝ ဆိုက်ရောက်မည် မဟုတ်ပေ။ အရှင်မြတ်သည် ကျွန်ုပ်တို့၏အရှင်သခင် ဖြစ်တော်မူသည်။ သို့ဖြစ်ရာ အီမာန်ယုံကြည်သူများသည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာ ယုံပုံလွှဲအပ်ကြရမည် ဖြစ်သည်။" (ကုရ်အာန် ၉:၅၁)
လောကမှာ အကောင်းမြင်တတ်တဲ့သူဟာ အဆိုးမြင်သူထက် ပိုပြီးပျော်ရွှင်တယ်။ မိုးလင်းတိုင်းမှာ ဒီနေ့ကို အကောင်းမြင်ပြီး ကြည်ကြည်လင်လင် ဖြတ်သန်းမလား၊ အဆိုးမြင်ပြီး စိတ်ညစ်ညစ်နဲ့ ဖြတ်သန်းမလား ရွေးချယ်လို့ရပါတယ်။ တစ်ခုခုကိုယ်မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ သောကရောက်ပြီး ခံစားနေမလား၊ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ဖြေရှင်းမလား ကျွန်တော်တို့ရွေးချယ်လို့ရပါတယ်။ ဆုံးရှုံးသွားတဲ့အရာအပေါ် စိတ်ညစ်နေမယ့်အစား ရရှိလိုက်တဲ့သင်ခန်းစာကို ဘဝမှာ အသုံးချဖို့၊ အကောင်းဘက်က တွေးတတ်ဖို့ တကယ်ပဲ လိုအပ်ပါတယ်။
ရှင်သန်နေရတဲ့နေ့ရက်တိုင်းက လက်ဆောင်တစ်ခုပါပဲ။ နေ့သစ်တစ်နေ့တိုင်းက သင့်ဘဝကို အပြည့်အဝ နေထိုင်ဖို့၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းဖို့ အခွင့်အရေးတစ်ခုပါပဲ။ မနက်ဖြန်အတွက်ကို တွေးပြီးမပူပါနဲ့။ ဒီနေ့ကိုပဲ ရင်ဆိုင်ပြီး လက်ရှိဘဝမှာ အကောင်းဆုံး နေထိုင်တာက လုံလောက်နေပါပြီ။