မြန်မာမွတ်စလင်မ်တစ်ဦးဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဦးကာ (ဝန်ကြီးဟောင်း)
မြန်မာမွတ်စလင်မ်တစ်ဦးဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်
ပါမောက္ခချုပ် ဦးကာ (ဝန်ကြီးဟောင်း)
မိဘမျိုးရိုး
————
ဦးကာသည် ၁၈၉၄-ခု၊ ဧပြီလ၁၄-ရက်နေ့တွင် မန္တလေးမြို့၌ ဖွားမြင်သည်။ မိဘများမှာ ဦးမြတ်ရှင် နှင့်ဒေါ်ဘီတို့ဖြစ်သည်။ ဦးကာသည် မင်းတုန်းမင်းတရားကြီး လက်ထက်အသုံးတော်ခံ မမစီ ညီမ မမဖီ၏ မြေးဖြစ်သည်။အသုံးတော်ခံ မမစီကို မင်းတုန်းမင်းတရားကြီးနှင့် စကြာဒေဝီ မိဖုရားကြီးတို့က အလွန်သဒ္ဓါ ယုံကြည်တော်မူကြသည်။ နန်းတော်တွင်း မိဖုရားများ သားတော်သမီးတော်များ ဝတ်ဆင်ရန် စိန်ထည်အမျိုးမျိုးနှင့် မိုးကုတ်ကျောက်အမျိုးမျိုးကို အထည်ပြုလုပ် ဆက်သွင်းရသည်။
မင်းတုန်းမင်းတရားကြီးနှင့် စကြာဒေဝီမိဖုရားကြီးတို့က မန္တလေးမြို့တွင် နန်းတော်ကျုံး၏ အနောက်ဖက်နန်းတော်ကို မျက်နှာမူနေသော မြေနေရာအပါအဝင် မြေသုံးနေရာကို မမစီ အားပေးသနားတော်မူသည်။ မမစီကို မိဖုရားခေါင်ကြီးမှအစ အခြားမိဖုရားများ သမီးတော်များက အလွန် ချစ်ခင်ကြသည်။ ၄င်းတို့အသုံးအဆောင်များ အနည်းငယ်ဟောင်းနွမ်း လျှင်ပင် မမစီအား ပေးလိုက်သည်။ အချိတ်ထဘီများနှင့် ကျောက်မှန်တင်ခုံ ကြီးများ၊ သစ်စေးသုတ်၊ ဇာတ်စုံခြယ် အဝတ်အထည် ထည့်သည့် ဂုံး သေတ္တာများ ပါဝင်သည်ဟု သိရသည်။
ပညာရေး
————-
မမစီ၏ ညီမ မမဖီ၏မြေးတော်သူ ဦးကာသည် ငယ်စဉ်က ဗုဒ္ဓသာသာနာ့ နုဂ္ဂဟကျောင်း၊ မန္တလေးစိန့်ပီတာ အင်္ဂလိပ် အထက်တန်းကျောင်း တို့တွင် ပညာဆည်းပူးသည်။ ငယ်စဉ်ကပင် ပညာချွန်သဖြင့် စကောလားရှစ်ဆုများ ရသည်။ ၈-တန်း၊ ၉-တန်း၊ ၁၀-တန်းကို နှစ်နှစ်ဖြင့် ဖြေဆိုအောင်မြင် သည်။ ရန်ကုန်ကောလိပ်မှ ဘီအေ ဂုဏ်ထူးဘွဲ့ကို ၁၉၁၈-ခုတွင် ရရှိပြီး အမ်အေဂုဏ်ထူးဘွဲ့ကို ၁၉၂၁-ခုတွင် ရရှိသည်။
နိုင်ငံတာဝန်များထမ်းဆောင်ခဲ့ပုံ
——————————-
၁၉၁၈-ခုတွင် ဓာတုဗေဒဌာန သရုပ်ပြဆရာအဖြစ် စတင် ထမ်း ဆောင်သည်။ ထိုစဉ် တက္ကသိုလ်ကောလိပ် ကျောင်းအုပ်ကြီးမှာ မက်သရူး ဟန်တာဖြစ်သည်။ ၁၉၂၃-ခုတွင် လက်ထောက်ကထိက ဖြစ်လာသည်။ ၁၉၂၃-ခုတွင် ဘီအီးအက်စ်(လက်ရွေးစင်တန်း)အဆင့်သို့ တိုးမြှင့် ခန့်အပ် ခြင်းခံရသည်။ ဆရာကြီးသည် ၁၉၂၆ မှ ၁၉၄၂ ခုနှစ်အထိ ရန်ကုန် ကောလိပ် ပဲခူးဆောင် အဆောင်မှူး တာဝန်ဝတ္တရားများ ထမ်းဆောင် သည်။ ၁၉၃၅-ခုတွင် အမှုထမ်းကောင်းတံဆိပ်ရမင်းဘွဲ့ ချီးမြှင့်ခြင်း ခံရသည်။ ၁၉၄၆-ခုတွင် ကထိကရာထူးဖြင့် ဘီအီးအက်စ်စီ (ပထမတန်း) သို့ ရာထူးထပ်မံတိုးမြှင့်ခြင်းခံရသည်။
၁၉၄၆-ခုနှစ်၌ပင် ပဲခူးဆောင်အဆောင်မှူး၊ တက္ကသိုလ် ကောလိပ် များ၏ အဆောင်မှူးချုပ်ဖြစ်လာသည်။ ၁၉၅၈-ခု ဇွန်လတွင် အငြိမ်းစား ယူခဲ့ပြီး သင်္ချာဌာန အချိန်ပိုင်းကထိက တာဝန်ထမ်းဆောင်သည်။ နိုင်ငံ တော်အစိုးရစာသင်ကျောင်းများတွင် အစ္စလာမ်ဘာသာ ဝင်ကလေးသူငယ် များအတွက် အစ္စလာမ်ဘာသာ အခြေခံရရှိစေရန်နှင့် ဘာသာစာရိတ္တ ကြံ့ခိုင်စေရန် သင်ခန်းစာအစီအစဉ်များ ရေးဆွဲရန်နှင့် အကြံဥာဏ်ပေးရန် အစိုးရက ကော်မတီတစ်ရပ်ခန့်အပ်ရာ ထိုကော်မတီတွင် ထိုစဉ်က ရန်ကုန် တက္ကသိုလ်ကထိက ဆရာကြီးဦးကာကို ဒုတိယသဘာပတိအဖြစ် ခန့်အပ် တာဝန်ပေးသည်။ ထိုသို့ တာဝန်ပေးခြင်းကို အများပြည်သူတို့ သိရှိရန် ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရ ပညာရေးဝန်ကြီးဌာနခွဲ(၂) က ၁၉၅၃ ခု၊ ဧပြီလ ၉ ရက် ရက်စွဲတပ်ပြီး အမိန့်ကြော်ငြာစာ ထုတ်ပြန်သည်။
၁၉၅၈-ခုမှ ၁၉၆၀ ပြည့်နှစ်အထိ ကာလအတွင်း ပညာရေးဝန်ကြီး ဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးဝန်ကြီးဌာန၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။
၁၉၆၂-ခုတွင် ရန်ကုန်တက္ကသိုလ်၏ ပါမောက္ခချုပ်အဖြစ် တော်လှန် ရေးကောင်စီ အစိုးရက တာဝန်ပေးအပ်သည်။ ပြည်ထောင်စုရာထူးအဖွဲ့ ဥက္ကဋ္ဌ(ယခု ပြည်သူ့ဝန်ထမ်း ရွေးချယ်ခန့်ထားရေးအဖွဲ့ဥက္ကဋ္ဌ) တာဝန် များကိုလည်း ထမ်းဆောင်ပေးခဲ့သည်။ ။
အစ္စလာမ်ဘာသာရေး အဖွဲ့များတွင် ဆောင်ရွက်ခဲ့ပုံ
—————————————————
၁၉၅၄-ခု နိုဝင်ဘာ ၂ ရက်နေ့က ဗမာမွတ်စလင်မ်ကွန်ဂရက် (ဗမက)အဖွဲ့ ဖျက်သိမ်းပြီး အစ္စလာမ်သာသနာရေးရာ ကောင်စီကို ဖွဲ့စည်း ရန် ဗမကအဖွဲ့ရုံး၌ ညှိနှိုင်းဖွဲ့စည်းဝေးစဉ် ဆရာကြီးဦးကာအားဘဏ္ဍာရေးမှူး အဖြစ် အများက လျာထားသည်။
၁၉၅၄-ခု ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကနေဒီလမ်း၊ ဇိနတ် အစ္စလာမ်ယောကျာ်းလေးများ ဂေဟာ၌ အစ္စလာမ်ကောင်စီစတင် ဖွဲ့စည်း သည့် အစည်းအဝေးသို့ ဆရာကြီး တက်ရောက်သည်။ ထိုအစည်းအဝေးမှ ဆရာကြီးသည် စည်းမျဉ်းရေးဆွဲရေး ကော်မတီဝင်အဖြစ်လည်းကောင်း၊ စာရင်းစစ်အဖြစ် လည်းကောင်း ရွေးချယ်တင်မြှောက်ခံရသည်။ စတင်ဖွဲ့ စည်းသည့် ထိုကာလမှစ၍ ဆရာကြီးသည် အစ္စလာမ်သာသနာရေးရာ ကောင်စီတွင် တောက်လျှောက်ပါဝင်ခဲ့သည်။
၁၉၅၈ ခု၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် ဝန်ကြီးချုပ်၏ ပြည်ထောင်စု စီမံကိန်းကောင်စီဌာနချုပ်၌ ကျင်းပသော အသင်းအဖွဲ့ပေါင်းစုံမှ ကိုယ်စား လှယ်များ၏ ပဏမ ဆွေးနွေးပွဲသို့ ရန်ကုန်တက္ကသိုလ်မှ ဆရာကြီး ဦးကာ တက်ရောက်ပါဝင်ဆွေးနွေးခဲ့သည်။ အစည်းအဝေးတွင် ဆေးသိပ္ပံ ကျောင်းသားများအသင်း ကိုယ်စားလှယ်က မွတ်စလင်မ်ကျောင်းသူ ကျောင်းသားများအတွက် သီးခြားထမင်းစားရုံနှင့် သီးခြားကျောင်း ဆောင်များရရှိရေး အကြံပေးသည်။ ဆရာကြီးဦးကာက အတွေ့အကြုံ ရင့်ကျက်သူပီပီ သီးခြားကျောင်းဆောင် တောင်းခံလျှင်မသင့်။ ယခင် သီးခြားထမင်းစားရုံနှင့် သီးခြားထမင်းချက်ထားရှိပေးရေးဆိုလျှင် ဖြစ်နိုင် စရာရှိကြောင်း စစ်ကြိုနှင့် စစ်ပြီးခေတ် အတွေ့အကြုံများကို သာဓက ဆောင်၍ အသေးစိတ် ရှင်းလင်းပြောကြားသည်။ ၁-၈-၅၈နေ့ မွတ်စလင် ကုန်သည်ကြီးများအသင်း ၌ ကျင်းပသော အစည်းအဝေးတွင် ဆရာကြီး၏ အကြံပြုချက်အတိုင်း အောင်မြင်မှု ရရှိပြီးဖြစ်ကြောင်း ဇူလိုင် ၂၉ ရက်နေ့စွဲ ပါ ကျောင်းဆောင်စားသောက်ရေးကော်မတီ၏ ပြန်စာအမှတ် ၁၅၉၃ အိပ်ခ်ျအက်ဖ် ၂၂ ကို ရှင်းလင်းပြသည်။ ပါမောက္ခချုပ် ဆရာကြီး ဦးကာ သည် နိုင်ငံတော်တွင် အဆင့်မြင့်ရာထူးကြီးများကို တာဝန်ယူ ထမ်းဆောင် သကဲ့သို့ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ကိုယ်စားပြုသော ဘာသာရေး အသင်းအဖွဲ့များနှင့်လည်း မကင်းကွာဘဲ စိတ်ဝင်တစားပါဝင်ကြောင်း၊ ကူညီကြောင်း သိရှိရပါသည်။
သာယာသော လောကကြီးကို အစ္စလာမ်တရားတော်နှင့် ဖန်တီးနိုင် ကြောင်း မျှော်လင့်ယုံကြည်သည်။ ယုံကြည်ချက်ကို-
“အချုပ်အားဖြင့် ဤစာအုပ်တွင် အလွန်နက်နဲ ကျယ်ဝန်း လှသည့် အစ္စလာမ်တရားတော်ကြီး၏ ကောက်နုတ်ချက်များ ဖြစ်သော အလွန်သေးငယ်သည့် အစိတ်အပိုင်းကလေးမျှ ကိုသာ ထည့်သွင်းဖော်ပြထားသော်လည်း ဖတ်ရှုသူများသည် ကိုယ်ကျင့်ဝတ်ကို ကောင်းစွာသိရှိ ထိန်းသိမ်းတတ်၍၊ ပေါင်းသင်းဆက်ဆံမှု အဆင်ပြေ၍ ကောင်းလာပြီးလျှင် ယခု ထက်များစွာ သာယာသောလောကကြီးကို ကူညီဖန်တီးနိုင် လိမ့်မည်ဟု မျှော်လင့်ပါသည်”
ဟု အတွင်းဝန် သီရိပျံချီ ဦးဘစိန်(M.Sc, B.C.S)စီရင်ရေးသားသည့် “အစ္စလာမ်ဘာလဲ” ကျမ်းအတွက် နိဒါန်းအမှာစာပေးပို့ရာ တွင် ဆရာကြီးက ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
မိသားစုဝင်များ
——————
ဇနီးဖြစ်သူမှာ ဒေါ်သိန်းရင်ဖြစ်ပြီး သားသမီးများအနက် သားဖြစ်သူ ဒေါက်တာတင်မောင်မှာ ရန်ကုန် ကွန်ပျူတာတက္ကသိုလ် ပထမဦးဆုံး ပါမောက္ခချုပ် အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ကွယ်လွန်ခြင်း
——————
ဝန်ကြီးဟောင်း ပါမောက္ခချူပ် ဦးကာသည် ၁၉၇၄ ခုနှစ် မေလ(၂၁) ရက် အင်္ဂါနေ့ အသက်(၈၁) ခုနှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။
အစ္စလာမ်သာသနာရေးရာကောင်စီ စတင်တည်ထောင်ရာတွင်
ဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င် စာရင်းစစ်အဖြစ်ပါ၀င်ခဲ့သော ပါမောက္ခချုပ် ဦးကာ
ကိုးကား-ပါမောက္ခ ဒေါက်တာအောင်ဇော်ရေးသားပြုစုသော “တိုင်းရင်းမွတ်စလင်မ် စာပြုစာဆိုများ အတွဲ -၂”
Credit :: Original Writer